နေပြည်တော် ဖေဖော်ဝါရီ ၇

 

(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးပြခန်း၌ ခေတ်မီလယ်ယာသုံးစက်ကိရိယာများဖြစ်သည့် ၆ တန်းသွား လက်ဆွဲကောက်စိုက်စက်နှင့် ၈တန်းသွားလူစီးကောက်စိုက် စက်များကို ခင်းကျင်းပြသရောင်းချ မည်ဖြစ်ပြီး ပြပွဲမစတင်မီကပင် စိတ်ဝင်တစား လာရောက်ကြည့်ရှုလေ့လာသူ များပြားကြောင်း သိရသည်။ 

 

အဆိုပါ လက်ဆွဲကောက်စိုက်စက်များကို ပဲခူးစက်မှုနယ်မြေနှင့် ပြည်စက်မှု ဇုန်နယ်မြေတို့တွင် တိုင်းဒေ သကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းမှ လုပ်ငန်းရှင်များက စိုက်ပျိုးရေးကဏ္ဍ အတွက် ခေတ်မီလယ်ယာသုံးစက်ကိရိယာအဖြစ် တီထွင်ထုတ်လုပ်ထားခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ တိုင်းဒေသကြီးက တီထွင်ထုတ်လုပ်ထားတဲ့ လက်ဆွဲကောက်စိုက် စက်ရဲ့ အင်ဂျင်ပါဝါက မြင်းကောင်ရေ 1.5 က‌နေ 2 အထိပဲ ရှိတဲ့အတွက် တစ်နာရီကို တစ်ဧကစိုက်ပျိုးနိုင်ပြီး တစ်ရက်ကို အနည်းဆုံး ၅ ဧကစိုက်ပျိုးနိုင်ပါတယ်။ ဆီကုန်ကျမှု အနေနဲ့ကလည်း ၅ နာရီမောင်းရင် 0.65 လီတာလောက်သာ ကုန်ကျမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကထုတ်လုပ်တဲ့ အင်ဂျင်စက်ကို အသုံးပြု ထားပြီး ပြည်တွင်းကထွက်ရှိတဲ့ သံထည်ပစ္စည်းတွေနဲ့ တီထွင်ဆောင်ရွက်ထားတာဖြစ်ပါတယ်” ဟု ARGO FUTURE MYANMAR - AFM ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်များကို မွန်ပြည်နယ်တွင် ၁၂စီး၊ ဧရာဝတီတိုင်း ဒေသကြီးတွင် အစီး ၃၀ ၊ ပဲခူးတိုင်းဒေသကြီးတွင် အစီး ၁၇၀ ကျော် စသဖြင့် ယနေ့အထိ နိုင်ငံတစ်ဝန်းအစီးရေ ၂၆၈ စီး ဖြန့်ဖြူးရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။

 

ပြည်မြို့စက်မှုဇုန်တွင်လည်း ရွှေဝါထွန်းလယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းပြီး ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်များကို တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီး ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း၊ ကချင်၊ မွန် စသည့် တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် ၅၈ စီးနှင့် ပဲခူးတိုင်းဒေသ ကြီးတွင် စုစုပေါင်း ၁၅၃စီးကို ဖြန့်ဖြူးရောင်းချထားပြီး ဖြစ်သည်။

 

ခေတ်မီစိုက်ပျိုးရေးကိရိယာများကို အသုံးပြုနိုင်‌ရေးအတွက် ခေတ်မီဆေးဖြန်း စက်များ၊ ဘက်စုံသုံး မျိုးစေ့ချစက်များကိုလည်း ထပ်မံထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့တိုင်းဒေသကြီးက စွန့်ဦးတီထွင်ထားတဲ့စက်တွေက လုပ်သား အင်အားအများအပြား မလိုဘဲ စက်မောင်းနဲ့အကူနှစ်ဦး စုစုပေါင်းသုံးဦးသာ လိုအပ်တဲ့ အတွက် လုပ်သားအင်အားရှားပါးမှု ပြဿနာကိုလည်း အထိုက်အလျောက် ဖြေရှင်းနိုင်မှာ ဖြစ်ပြီး ကုန်ကျစရိတ်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို လျော့ချနိုင်မှာဖြစ်ပါတယ်။ ဒီစက်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်လက်ဖြန့်ဖြူးရောင်းချ သွားမှာ ဖြစ်ပါတယ်။ အဖိုးနှုန်းချိုသာစွာနဲ့ တင်သွင်းဖြန့်ဖြူးရောင်းချသွားမှာဖြစ်တဲ့အတွက် ဝယ်ယူလိုတဲ့ တောင်သူတွေအနေနဲ့ အဖိုးနှုန်းသက်သာစွာနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့လည်း ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးထား ပါတယ်” ဟု တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ဆိုသည်။

 

(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ရက်မှ ၁၄ရက်အထိ ကျင်းပသွား မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန် ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချသွား မည်ဖြစ်‌ကြောင်း သိရသည်။

(သတင်းစဉ်)