ခေတ်မီနည်းစနစ်ဖြင့် ငါး၊ ပုစွန် မွေးကြစို့

ဒေါက်တာ တိုးနန္ဒာတင်

မြန်မာနိုင်ငံ၏ ရေလုပ်ငန်းဆိုင်ရာ အရင်းအမြစ်များသည် အိမ်နီးချင်း အာဆီယံနိုင်ငံများထက် များစွာသာလွန် ကောင်းမွန်သည့် အခြေအနေတွင် ရှိနေပါသည်။ ရေချို အရင်းအမြစ်များအနေဖြင့် ၂၁၇၀ ကီလိုမီတာရှည်သော ဧရာဝတီမြစ်သည် မိမိတို့ တစ်နိုင်ငံတည်းပိုင်ဆိုင်ပြီး မြောက်ပိုင်းကချင်ပြည်နယ်မှ မြန်မာနိုင်ငံ အလယ်ပိုင်းတစ်လျှောက် စီးဆင်း၍ ဧရာဝတီတိုင်းဒေသကြီးနှင့် မြစ်ဝကျွန်းပေါ်ဒေသအပြင် ရန်ကုန်တိုင်းဒေသကြီးတိုင်အောင် ချောင်းများ၊ မြောင်းများ၊ တူးမြောင်းများ၊ မြစ်လက်တက်များစွာဖြင့် ကပ္ပလီ ပင်လယ်အော်ထဲသို့ စီးဝင်သွားပါသည်။ ထို့အပြင် ၉၆၀ ကီလိုမီတာရှည်သော ချင်းတွင်းမြစ်၊ ၂၉၄ ကီလိုမီတာရှည်သော စစ်တောင်းမြစ်နှင့် ၁၂၇၄ ကီလိုမီတာရှည်သော သံလွင်မြစ်များကိုလည်း ပိုင်ဆိုင်သည့်အတွက် စုစုပေါင်း ၄၆၉၈ ကီလိုမီတာရှိသော ရေချိုအရင်းအမြစ်များကို မိမိတို့ ပိုင်ဆိုင်ကြပါသည်။

မြန်မာနိုင်ငံ၏ ရေချိုပိုင်ဆိုင်မှု

နိုင်ငံအတွင်းရှိ သဘာဝရေကန်များ၊ စိမ့်မြေအရပ်များ၊ ရေလွှမ်းမိုးသည့် မြေနိမ့်ဒေသ၊ ရေချိုရေငန်စပ်နှင့် ဒီရေတောများသည် ရေနေသတ္တဝါများ ပေါက်ဖွားကြီးပြင်းသည့် ဒေသများဖြစ်၍ မြန်မာနိုင်ငံတွင် သဘာဝအရင်းအမြစ် များစွာပေါကြွယ်ဝကြောင်း ဖော်ပြနေပါသည်။ ရေလှောင်ကန်များနှင့် ဆည်များသည်လည်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် လုပ်ငန်းများ ဆောင်ရွက်နိုင်သည့်အပြင် ငါးမွေး မြူရန် အခွင့်အလမ်းကောင်းများလည်း ဖြစ်ပေါ်လျက် ရှိပါသည်။

နွေ၊ မိုး၊ ဆောင်း ရာသီဥတုသုံးမျိုးရှိပြီး အပူပိုင်းနှင့် အပူအအေးမျှတသော ရာသီဥတုများ ရှိနေပါသည်။

မြေဧက ၁၆သန်း (ဟက်တာ ၆ ဒသမ ၅ သန်း) မှာ စိုက်ပျိုးရေးမြေများဖြစ်ပြီး ကျန်ရှိသည့် မြေဧက ၁၈ သန်း (ဟက်တာ ၇ ဒသမ ၃ သန်း) မှာ စိုက်ပျိုးခြင်းမရှိသည့် မြေများဖြစ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် များစွာသင့်လျော်ပါသည်။

မြန်မာ့ကမ်းရိုးတန်းသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ တောင်ဘက် ထိုင်းနိုင်ငံနယ်စပ်တိုင်အောင် ၂၈၃၂ ကီလိုမီတာ ရှိပါသည်။ ထို့အပြင် မြိတ်ကျွန်းစုတွင် ကျွန်းပေါင်းရှစ်ရာကျော်ရှိသဖြင့် ရေငန် ငါး၊ ပုစွန်နှင့် အခြားရေနေ သတ္တဝါများဖြစ်သည့် ကဏန်း၊ ခရု၊ ဂုံး ရေမှော် စသည်တို့ကို မွေးမြူရန်အတွက် သဘာဝဘေးအန္တရာယ်များမှ အကာအကွယ်များရရှိစေ၍ လွန်စွာသင့်လျော်သော နေရာများဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရေချိုအရင်းအမြစ် ပိုင်ဆိုင်မှု အဆင့် ၁၄ တွင် ရှိပြီး သန့်ရှင်းစင်ကြယ်သော ကမ္ဘာ့ကမ်းရိုးတန်း ၁၀ ခုတွင် ပါဝင်သည်။

ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၈ ခုနှစ် စာရင်းများအရ ငါးမွေးကန်ဧက ၂၄၇၀၀၇ နှင့် ပုစွန်မွေးကန်ဧက ၂၄၄၃၃၈ စုစုပေါင်း ငါးပုစွန်မွေးမြူရေးကန် ၄၉၁၃၄၅ ဧက မွေးမြူ လျက်ရှိပါသည်။

အာဆီယံနိုင်ငံများအတွင်း ရေထွက်ပစ္စည်း အများ ဆုံးထုတ်လုပ်နေသည့် ဗီယက်နမ်နိုင်ငံ၏ မြောက်ပိုင်း ဒေသတွင် မြစ်နီမြစ်သည် ၁၁၄၉ ကီလိုမီတာ ရှည်လျားသော်လည်း ဗီယက်နမ်နိုင်ငံအတွင်းသို့ ၅၁၀ ကီလိုမီတာသာ စီးဝင်ပြီး မဲခေါင်မြစ်သည် ၄၂၂၀ ကီလိုမီတာရှည်လျားသော်လည်း ၂၂၀ ကီလိုမီတာသာ ဗီယက်နမ်နိုင်ငံအတွင်းသို့ မဲခေါင်မြစ်ဝကျွန်းပေါ်အဖြစ် စီးဝင်သည့်အတွက် ရေချိုအရင်းအမြစ် ၇၃၀ ကီလိုမီတာသာ ပိုင်ဆိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ မြန်မာနိုင်ငံ၏ ရေချိုအရင်း အမြစ်ထက် ၃၉၆၈ ကီလိုမီတာ လျော့နည်းလျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ။ ဗီယက်နမ်နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းအနေဖြင့် မြန်မာနိုင်ငံထက် ၄၂၈ ကီလိုမီတာပို၍ ရှည်လျားသော်လည်း မြန်မာနိုင်ငံသည် မြိတ်ကျွန်းစုကဲ့သို့ ကျွန်းစုများ ပိုင်ဆိုင်သဖြင့် ကမ်းရိုးတန်းအနေအထားအရ ဗီယက်နမ်နိုင်ငံထက် သာလွန်ကောင်းမွန်သော အနေအထားရှိကြောင်း သုံးသပ်မိပါသည်။

 

mdn

 

ကုန်းမြေဧရိယာအနေဖြင့် မြန်မာနိုင်ငံ၏ ကုန်းမြေ ဧရိယာမှာ ၆၇၈၅၀၀ စတုရန်းကီလိုမီတာပိုင်ဆိုင်ပြီး ဗီယက်နမ်နိုင်ငံ ကုန်းမြေပိုင်ဆိုင်မှုမှာ ၃၃၁၂၁၀ စတုရန်း ကီလိုမီတာသာ ပိုင်ဆိုင်သည့်အတွက် မြန်မာနိုင်ငံ၏ ၄၈ ရာခိုင်နှုန်းသာ ကုန်းမြေပိုင်ဆိုင်မှုရှိပါသည်။ ခြုံငုံ၍သုံးသပ်ပါက မြန်မာနိုင်ငံ၏ ရေလုပ်ငန်းဆိုင်ရာ သဘာဝအရင်း အမြစ်များသည် အိမ်နီးချင်းအာဆီယံအဖွဲ့ဝင် ရေလုပ်ငန်း ထုတ်လုပ်မှုအလွန်မြင့်မားသည့် နိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများထက် သာလွန်ကောင်းမွန်သည်ဟု အသေအချာ ကောက်ချက်ချရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေလုပ်ငန်းဆိုင်ရာ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၇၂၀ သာရှိပြီး ယင်းပမာဏသည် ဗီယက်နမ်နိုင်ငံမှ ၁၉၉၇ ခုနှစ်တွင် ထုတ်လုပ်တင်ပို့သည့် အမေရိကန် ဒေါ်လာ ၇၇၆ သန်းထက် လျော့နည်းနေပြီး ဗီယက်နမ်နိုင်ငံ၏ ၂၀၁၈ ခုနှစ် ရေလုပ်ငန်းပို့ကုန်တန်ဖိုးမှာ အမေ ရိကန်ဒေါ်လာ ၈၈၀၂ သန်းရှိသည်ကို လေ့လာသိရှိရပါသည်။

ဤမျှ ကောင်းမွန်သော သဘာဝအရင်းအမြစ်များ ပိုင်ဆိုင်သော်ငြားလည်း မြန်မာနိုင်ငံ၏ ရေလုပ်ငန်းပို့ကုန် တင်ပို့မှုတန်ဖိုးသည် အိမ်နီးချင်းနိုင်ငံများထက် များစွာလျော့နည်းနေသည်ကို လေ့လာသုံးသပ်ဆန်းစစ်နိုင်ရန် ၂၀၁၈ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှတရုတ်၊ ဂျပန်နှင့် အာဆီယံနိုင်ငံများသို့ ရေလုပ်ငန်းဆိုင်ရာ  လေ့လာရေးခရီးစဉ်များ သွားရောက်ခဲ့ပါသည်။ ။

လေ့လာရေးခရီးစဉ်များအတွင်း မိမိနိုင်ငံ၏ လိုအပ်ချက်များ၊ အားနည်းချက်များကို မျက်ဝါးထင်ထင် သိရှိခဲ့ရပြီး ငါးလုပ်ငန်းကဏ္ဍအနေဖြင့် ယနေ့ကာလ အဆိုအမိန့်များအတိုင်း ပြောင်းလဲချိန်တန်ပြီဟု ဆိုရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများနည်းတူ သဘာဝ ငါး၊ ပုစွန် သယံဇာတများ ယခင်ထက်စာလျှင် များစွာလျော့နည်းလာသည့်အတွက် ဖမ်းဆီးရေးကို တိုးချဲ့ခြင်းမပြုတော့ဘဲ မွေးမြူရေးလုပ်ငန်းများကိုသာ တိုးချဲ့ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မိမိနိုင်ငံတွင် ငါးမွေးမြူရေးကို ၁၉၅၃ ခုနှစ်မှစတင်၍ မိရိုးဖလာနည်းဖြင့် Carps အုပ်စုဝင်ငါးများဖြစ်သည့် ငါးမြစ်ချင်း၊ ငါးကြင်းဖြူ စသည်တို့ကို တစ်စတုရန်းမီတာတွင် တစ်ကောင်နှုန်း၊ တစ်ဧက ၄၁ဝ နှုန်းဖြင့် ထည့်သွင်းမွေးမြူလျက်ရှိပြီး ဈေးကွက်ဝင်သည့်အရွယ်အထိ ရောက်ရှိရန် နှစ်နှစ်ခန့် မွေးမြူကြရ ပါသည်။

ဈေးကွက်လိုအပ်ချက်အလိုက် ငါးမျိုးရွေးချယ်

ယနေ့ နိုင်ငံတကာငါးမွေးမြူရေးစနစ်များနှင့် များစွာ ကွာခြားနေသည့်အချက်မှာ ငါးထည့်သည့်နှုန်းနှင့် မွေးမြူသည့် ငါးအမျိုးအစားများ ဖြစ်ပါသည်။ ယနေ့ အချိန်တွင် ခေတ်မီနည်းစနစ်ဖြင့် မွေးမြူနေသည့် ငါးများမှာ မွေးကာလခြောက်လမှ ရှစ်လသာ မွေးမြူသည့် ငါးအမျိုးများဖြစ်ပြီး ငါးထည့်သည့်နှုန်းမှာ တစ်စတုရန်း မီတာလျှင် အကောင် ၃၀ မှ ၁၀၀ အထိ ထည့်သွင်းမွေးမြူကြ၍ တစ်ဧကလျှင် အနည်းဆုံး ၁၂၀၀၀၀ ထည့်သွင်း မွေးမြူလျက်ရှိပါသည်။ ပုဇွန်များမှာလည်း သုံးလမှ လေလအထိသာ မွေးမြူကြ၍ Stocking Density မှာ တစ်စတုရန်းမီတာလျှင် ငါးကောင်ရေ ၁၂၀ မှ ၁၅၀ ထိ ထည့်သွင်းမွေးမြူးလျက်ရှိကြပါသည်။

ဤကဲ့သို့ နည်းစနစ်များ ကွာခြားနေသည့် အတွက် မြန်မာနိုင်ငံအနေဖြင့် မိရိုးဖလာနည်းမှခေတ်မီ ငါး ပုဇွန် မွေးမြူရေးစနစ်သို့ ဘက်စုံပြုပြင်ပြောင်းလဲရေးအစီအစဉ်တစ်ရပ် ဆင်နွှဲ၍ ပြောင်းလဲရမည်မှာ အထင်အရှား ပင်ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံသည် ၎င်းတို့၏ ရေလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစွာ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံအနှံ့ အလားအလာရှိ၍ မွေးမြူနိုင်စွမ်းရှိသည့် ဒေသများတွင် နိုင်ငံတကာ ဈေးကွက်မှလိုအပ်သည့် ငါး၊ပုစွန် မျိုးစိတ်များကိုရွေးချယ်၍ သင့်လျော်သည့် မွေးမြူရေးဇုန်များ တည်ထောင်သော မူဝါဒကို ကျင့်သုံးပါသည် မွေးမြူရေးဇုန်ကြီး သုံးခုကို ပိုင်းခြား၍ ဇုန်တစ်ခုချင်းစီတွင် ငါးလုပ်ငန်းဆိုင်ရာ သုသနဌာနချုပ်တစ်ခုစီ ထားရှိဆောင်ရွက်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့အပြင် ငါး ပုစွန် မွေးမြူထုတ်လုပ်ရေးနှင့် စားသုံးမှုများကို အချိုးညီစွာ ညှိနှိုင်း၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရန် ပြုပြင်ပြောင်းလဲမှုများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ဗီယက်နမ်နိုင်ငံ၏ မဟာဗျူဟာစီမံကိန်းအရ နိုင်ငံတကာမှ လိုအပ်သည့် ရေထွက်ပစ္စည်းမျိုးစုံကို နိုင်ငံ၏ ဒေသအလိုက် မွေးမြူထုတ်လုပ်နိုင်သည့် အလားအလာရှိသော အခြေအနေပေါ်မူတည်၍ မည်မျှထုတ်လုပ်မည်ဟု ရေးဆွဲအကောင်အထည်ဖော်နိုင်ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် ရေလုပ်ငန်းပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၁၀၀ (Us$ 11 billion) အထိ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ချက်ရှိ ဆောင်ရွက်လျက် ရှိပါသည်။ ၂ဝ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ သန်း ပေါင်း ၂၀၀၀၀ (US$ 20 billiom) အထိ ထုတ်လုပ်ရန် ရည်မှန်းချက်များ ထားရှိပါသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံတွင်း ဟက်တာ သန်းပေါင်း ၁ ဒသမ ၂ ခန့်ကို ရေထွက်ပစ္စည်းမြူးရေးလုပ်ငန်းများအတွက် မြေထပ်မံအသုံးပြုရန် အတည်ပြုထားပြီး ဖြစ်ပါသည်။ ဗီယက်နမ်အစိုးရအနေဖြင့်လည်း ရေထွက်ပစ္စည်း ထုတ်လုပ်သည့် မွေးမြူရေးဇုန်များ ဖော်ဆောင်၍ ကုန်ထုတ်လမ်းများနှင့် လိုအပ်သော လျှပ်စစ်မီးများကို ကူညီပံ့ပိုးပေးပါသည်။

ငါးမွေးမြူရေးအတွက် လိုအပ်ချက်များ

မိမိနိုင်ငံအတွင်း ခေတ်မီငါးမွေးမြူရေးစနစ်များ တည်ထောင်နိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ အစိုးရ၏ ငါးလုပ်ငန်းဆိုင်ရာ စီးပွားရေးမူဝါဒ ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ မူဝါဒများသည် သက်ဆိုင်ရာ စီပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အလို့ငှာ ချမှတ်သည့် မူဝါဒများဖြစ်ရန် လိုအပ်ပါသည်။ ယင်းကဲ့သို့သော မူဝါဒများ ချမှတ်ပြီးပါက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် ဗဟိုကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး တစ်နိုင်ငံလုံးကို လွှမ်းခြုံရေးဆွဲသော မဟာဗျူဟာစီမံကိန်းကို ရေးဆွဲရမည်ဖြစ်ပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဒေသအလိုက် မွေးမြူရန်အခွင့်အလမ်းရှိသည့် ကမ္ဘာ့ဈေးကွက်များမှ ဝယ်လိုအားရှိသော ငါး၊ ပုစွန်နှင့် အခြားရေနေသတ္တဝါများကို လေ့လာသုံးသပ်၍ အစိုးရ၊ ပညာရှင်နှင့် လုပ်ငန်းရှင်များ ပူးပေါင်းပြီး ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုးစားအားထုတ်ရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ခေတ်မီနည်းစနစ်ဖြင့် ရေထွက်ကုန်များ မွေးမြူထုတ်လုပ်နိုင်ရန် အောက်ပါအတိုင်း လိုအပ်ချက်များ ရှိမည်ဖြစ်ပါသည် -

- လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေးလိုအပ်ခြင်း (Infrastructure)။

- ရောဂါကင်း၍ ကြီးထွားမှုနှုန်းကောင်းသော မျိုးငါး၊ ပုစွန် (Specific Pathogen Free Breeders) များ လိုအပ်ခြင်း။

- ကောင်းမွန်သော မွေးမြူရေးထုတ်လုပ်မှု ကျင့်စဉ် (Good Aquaculture Practices - GAqP) နှင့် ကိုက်ညီသော သားဖောက်စခန်းများ(Hatcheries) နှင့် Nurseries များ လိုအပ်ခြင်း။

- GMP , HACCP စနစ်ဖြင့် ထုတ်လုပ်သော ငါး၊ ပုစွန် အစာထုတ်လုပ်သည့် စက်ရုံများ လိုအပ် ခြင်း။ GMP , HACCP စနစ်နှင့် ကိုက်ညီသော ပြုပြင် ထုတ်လုပ်သည့် စက်ရုံများ (Processing Plants) များ လိုအပ်ခြင်း။

- GMP , HACCP စနစ်ဖြင့် ကိုက်ညီသော ဘေးထွက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများ (By Product Plants) လိုအပ်ခြင်း။

- သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်း (Research and Development) လိုအပ်ခြင်းနှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရန်လိုအပ်ခြင်းတို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်အနေဖြင့် ခေတ်မီ ငါးမွေးမြူရေးလုပ်ငန်းများကို နိုင်ငံတကာတွင် လှည့်လည်လေ့လာပြီး အများပိုင်ကုမ္ပဏီထူထောင်၍ နိုင်ငံတကာတွင် သေချာသောဈေးကွက်ရှိသည့် ငါးတန် (Pangasius spp: Basa catfish) ကို စမ်းသပ်မွေးမြူလျက်ရှိရာ မွေးမြူရေးအောင်မြင်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ လိုအပ်သော အစာစက်ရုံများ၊ ပြုပြင်ထုတ်လုပ်သည့် စက်ရုံများ၊ ဘေးထွက်ပစ္စည်း ထုတ်လုပ်သည့်စက်ရုံများကို ကြိုးစား၍ ထူထောင်ရန် ဆောင်ရွက်ရာတွင် လိုအပ်ချက်များ ရှိနေသည့်အတွက် နိုင်ငံတော်အစိုးရမှ ကူညီပံ့ပိုးရန် အထူးလိုအပ်လျက်ရှိပါသည်။ ။

မိမိတို့သည် မြန်မာနိုင်ငံသားများဖြစ်သည့်အလျောက် မိမိနိုင်ငံ၏ စီးပွားရေးတိုးတက်ကောင်းမွန်ရန် ရည်ရွယ်၍ မိမိတို့တတ်နိုင်သည့် အတိုင်းအတာတစ်ရပ်ကို ကြိုးစားဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံတော် ဘက်ကလည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ပါသည်။

 

mdn

 

စိုက်ပျိုးရေးကဏ္ဍပါ လိုက်ပါတိုးတက်လာ

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံ ဆောင်ရွက်သည့် နိုင်ငံဖြစ်သည့်အတွက် မိမိနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရန် စိုက်ပျိုးမွေးမြူရေးကိုသာ အဓိကထား ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဆန်စပါးကို မြောက်မြားစွာ စိုက်ပျိုးနိုင်သော်လည်း ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချရန် အခက်အခဲများ ရှိနေပါသည်။ ထိုနည်းတူ အသားကဏ္ဍအနေဖြင့် ကျွဲ၊ နွား၊ ဝက်၊ သိုး၊ ဆိတ်၊ ကြက်၊ ဘဲ စသည်တို့ကို မွေးမြူထုတ်လုပ်နိုင်သော်လည်း နိုင်ငံတကာ ဈေးကွက်များသို့ တရားဝင်တင်ပို့နိုင်ရန် အခက်အခဲများ စွာရှိနေပါသည်။ ရေလုပ်ငန်းထုတ်ကုန်များကိုမူ ဘေးကင်း လုံခြုံ၍ အန္တရာယ်ကင်းသော အစားအစာများအဖြစ် ပမာဏများစွာထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်များသို့ လွယ်ကူစွာ ရောင်းချနိုင်သည့် အခွင့်အလမ်းကောင်းများ  များစွာရှိနေပါသည်။

ငါးမွေးမြူရာတွင် အဓိကကျသော အစာကုန်ကြမ်းမှာ စိုက်ပျိုးရေး၏ ဘေးထွက်ပစ္စည်းများဖြစ်သည့် ဖွဲနု ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုပ် စသည်များကို အများဆုံးအသုံးပြုရသဖြင့် ငါးမွေးမြူရေးတိုးတက်လျှင် စိုက်ပျိုးရေးလည်း တိုးတက်လာမည်မှာ ဧကန်မုချဖြစ်ပါသည်။ ။

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့အနေဖြင့် စိုက်ပျိုးရေးတောင်သူနှင့် ငါးမွေးမြူရေးတောင်သူများကို လုပ်ငန်းပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့်အဖွဲ့ တစ်ဖွဲ့ ဦးဆောင်ဖွဲ့စည်းပြီး ငါးအစာကုန်ကြမ်းအတွက် လိုအပ်သည့် စိုက်ပျိုးရေး ထုတ်ကုန်များစိုက်ပျိုးထုတ်လုပ်နိုင်ရန် ကြီးကြပ်ဆောင်ရွက်နိုင်ပါက စိုက်ပျိုးရေးလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းတို့ကို သဟဇာတဖြစ်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ပါက လက်ရှိနိုင်ငံခြားမှ တန်ချိန်ပေါင်းများစွာ တင်သွင်းနေရသော ပဲပုပ်ဖတ်ကဲ့သို့ စိုက်ပျိုးရေးထုတ်ကုန်များကို မိမိနိုင်ငံတွင် ခေတ်မီစွာစိုက်ပျိုးထုတ်လုပ်၍ သွင်းကုန်အစားထိုးအဖြစ် အသုံးပြုနိုင်သဖြင့် သွင်းကုန်တန်ဖိုးများစွာလျော့နည်းကျဆင်းသွားမည် ဖြစ်ပါသည်။ နိုင်ငံတကာ ဈေးကွက်မှ တစ်နှစ်ပြီးတစ်နှစ် ပိုမို၍လိုအပ်မှု ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းများကို အန္တရာယ်ကင်းသော အစားအစာအဖြစ် ထုတ်လုပ်နိုင်ရန် စနစ်တကျ မွေးမြူပါက မိမိနိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ရယူဆောင်ရွက်နိုင်မည်ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ၊ ငါးလုပ်ငန်းပညာရှင်များ၊ ငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များနှင့် နိုင်ငံသားများ စုပေါင်း၍ ညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ငါးလုပ်ငန်းကဏ္ဍမှ ဝင်ငွေများစွာ တိုးတက်ရရှိလာနိုင်ပါကြောင်း အကြံပြုရေးသား တင်ပြ အပ်ပါသည်။

မြန်မာ့အလင်း