၁၆ ဇန်နဝါရီ
ကြက်သွန်နီသည် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ နေ့စဉ်ဘဝ၌ မရှိလျှင် မဖြစ်သော အခြေခံစားကုန်တစ်မျိုးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကြက်သွန်နီ ဈေးတက်ခြင်းသည် နိုင်ငံသူ နိုင်ငံသားတို့၏ နေ့စဉ်ဘဝကို အကျိုး သက်ရောက်စေပါသည်။ ယခုရက်ပိုင်းအတွင်း မြန်မာကြက်သွန်နီ၏ လက်လီ ဈေးနှုန်းသည် တစ်ပိဿာလျှင် ငွေကျပ် ၃၅ဝဝ မှ ငွေကျပ် ၄ဝဝဝ ဝန်းကျင် အထိ ဖြစ်ခဲ့ပါသည်။ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ကြက်သွန်နီ စိုက်ခင်းများ ပျက်စီးခဲ့ရခြင်းသည် မြန်မာကြက်သွန်နီတို့ ဈေးတက်ခဲ့ရခြင်း ၏ အဓိကအကြောင်းရင်း ဖြစ်ပါသည်။
ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ခင်းတို့ပျက်စီး၍ ကြက်သွန်နီ ဈေးနှုန်းတက်လာခြင်းကို မလွှဲသာမရှောင်သာ လက်ခံရမည်ဖြစ်သော်လည်း မြန်မာကြက်သွန်နီဈေးတက်ခြင်းနှင့်အတူ ယှဉ်တွဲပါလာသော ဖြစ်ရပ် တစ်ခုကိုမူ လေးလေးနက်နက်သုံးသပ်ရမည် ဖြစ်ပါသည်။ ကြက်သွန်နီ ဈေးတက်လာ၍ မြန်မာ့ဈေးကွက်အတွင်းသို့ တရုတ်ကြက်သွန်နီတို့ ဝင်ရောက်လာပါသည်။ မြန်မာကြက်သွန်နီ၏ဈေးနှုန်းက တစ်ပိဿာလျှင် ငွေကျပ် ၃၅ဝဝ မှ ငွေကျပ် ၄ဝဝဝ ဝန်းကျင်ရှိနေချိန်၌ တရုတ်ကြက်သွန်နီက တစ်ပိဿာလျှင် ငွေကျပ် ၁၅ဝဝ မှ ငွေကျပ် ၂ဝဝဝ ကြားသာ ရှိပါသည်။ အကောင်းဘက်က ကြည့်ပါက တရုတ်ကြက်သွန်နီတို့ မြန်မာ့ဈေးကွက် အတွင်းသို့ ဝင်ရောက်လာ၍ ပြည်တွင်းဈေးကွက်၌ ကြက်သွန်နီဈေးနှုန်း ယခုထက် အဆမတန် ပိုတက်လာမည်ကို ကာကွယ်ဟန့်တားနိုင်ခဲ့ပါသည်။
သို့သော် တရုတ်ကြက်သွန်နီတို့ မြန်မာ့ဈေးကွက်အတွင်းသို့ ဝင်ရောက် လာခြင်းကို တခြားမျက်နှာစာမှ သုံးသပ်ရန်လိုအပ်ပါသည်။ မိုင်ပေါင်းများစွာ ကို ဖြတ်သန်း၍ မြန်မာ့ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော တရုတ် ကြက်သွန်နီတို့သည် မြန်မာ့ကြက်သွန်နီတို့ထက် ခေါက်ချိုးနီးပါး အဘယ် ကြောင့် ဈေးသက်သာရပါသနည်း။ တရုတ်ကြက်သွန်နီတို့ မြန်မာ့ဈေးကွက် သို့ စတင်ဝင်ရောက်လာသည့် ၂ဝ၁၇ ခုနှစ် ဇွန်လ၌ တစ်ပိဿာလျှင် ငွေကျပ် ၈ဝဝ မှ ငွေကျပ် ၁ဝဝဝ ဝန်းကျင်သာရှိသည်ဟု သိရပါသည်။ ယေဘုယျ သဘောသုံးသပ်ရပါက မြန်မာနိုင်ငံ၌ တောင်သူတို့သည် ကြက်သွန်နီကို မိရိုးဖလာ စိုက်ပျိုးနည်းဖြင့်သာ စိုက်ပျိုးခြင်း ဖြစ်ပါသည်။ မိရိုးဖလာစိုက်ပျိုး နည်း၏ အားနည်းချက်သည် စိုက်ပျိုးစရိတ်မြင့်မားခြင်းနှင့် အထွက်နှုန်း နိမ့်ကျခြင်း ဖြစ်ပါသည်။ တရုတ်နိုင်ငံ၌မူ ကြက်သွန်နီတို့ကို နည်းပညာသုံး စိုက်ပျိုးခြင်းဖြစ်၍ စိုက်ပျိုးစရိတ်သက်သာသကဲ့သို့ အထွက်နှုန်း၌လည်း သိသိသာသာပိုများပါသည်။
ဤသည်၏ အကျိုးဆက်မှာ မိုင်ပေါင်းများစွာကို ဖြတ်သန်း၍ တင်ပို့ရောင်းချရသော်လည်း တရုတ်ကြက်သွန်နီတို့ကို မြန်မာ့ ဈေးကွက်၌ ခေါက်ချိုးဈေးနီးပါးဖြင့် ရောင်းချနိုင်ခြင်း ဖြစ်ပါသည်။ လက်ရှိ အချိန်၌ တရုတ်ကြက်သွန်နီတို့၏ အရသာသည် မြန်မာ့အကြိုက်အရသာမျိုး မရှိသေးပေ။ နောင်တစ်ချိန်၌ တရုတ်ကြက်သွန်နီတို့ကို နည်းပညာသုံး၍ မြန်မာ့ အကြိုက်အရသာမျိုးဖန်တီးလာပါက မြန်မာ့တောင်သူတို့၏ဘဝနှင့် မြန်မာ့ကြက်သွန်နီဈေးကွက်ကို အကြီးအကျယ်စိန်ခေါ်လာမည် ဖြစ်ပါသည်။ အခြေအနေတစ်ရပ်လုံးကို ခြုံငုံသုံးသပ်ပါက ကြက်သွန်နီအပါအဝင် မြန်မာ့ သီးပင်စားပင်တို့၏ စိုက်ပျိုးထုတ်လုပ်မှုအား ခေတ်မီနည်းစနစ်တို့ဖြင့် ဆောင်ရွက်နိုင်ရေးကို ကျယ်ပြန့်သော ပြင်ဆင်မှုတို့ဖြင့် ဆောင်ရွက်ကြရ တော့မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ''ခေတ်မီနည်းစနစ်တို့ဖြင့် စိုက်ပျိုး ကြပါစို့''ဟူသော ကြွေးကြော်သံကို အမျိုးသားရေးကြွေးကြော်သံအဖြစ် ဆုပ်ကိုင် အကောင်အထည် ဖော်ကြပါရန် လေးစားစွာ တိုက်တွန်းတင်ပြ အပ်ပါသည်။ ။
မြန်မာ့အလင်း