ရန်ကုန် ၁၂ ဇန်နဝါရီ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ကြီးမှူးကျင်းပသော “ခေတ်ပြိုင်ပန်းချီပြပွဲ” (Contemporary-17 Art Exhibition) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက်(ရန်ကုန်)၌ ကျင်းပသည်။
အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြတိုက်ဟုဆိုရာတွင် ပစ္စည်းများ စုဆောင်းပြသသကဲ့သို့ ပညာဖြန့်ဖြူးပေးသည့် နေရာလည်းဖြစ်ကြောင်း၊ No Collection is death Museum ဟုဆိုနိုင်ကြောင်း၊ ပြတိုက်ပစ္စည်းများ စုဆောင်းရေးမူဝါဒအရ သမိုင်းဝင်သော ပစ္စည်းများ၊ ရှေးဟောင်းပစ္စည်းများ၊ အနုပညာလက်ရာမြောက်သော ပစ္စည်းများကိုသာ စုဆောင်းပြသထားခြင်းဖြစ်ကြောင်း၊ အမျိုးသားပြတိုက်(ရန်ကုန်)တွင် ပန်းချီအထူးပြပွဲများ ပြုလုပ်ပြသခဲ့သည်မှာ ယခု Contemporary 17 Art ပွဲအပါအဝင် ပန်းချီပွဲများကို (၄)ကြိမ်တိုင် ကျင်းပနိုင်ခဲ့ကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော ပန်းချီရေးဆွဲခြင်း အတတ်ပညာကို ခင်းကျင်းပြသခြင်းကြောင့် ယခုကဲ့သို့ ပြပွဲများသည်လည်း အထူးအရေးပါသည့် ကဏ္ဍတွင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပန်းချီပညာရှင်ကြီးများကိုယ်စား ပန်းချီဆရာ ဦးဌေးအောင်က “အခု ပန်းချီဆရာ ၁၇ ဦးပါဝင်တဲ့ ပန်းချီပြပွဲအပါအဝင် ပြပွဲတွေကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ပန်းချီဆရာတွေအပေါ် စေတနာထားကာ ပန်းချီပြပွဲတွေကို ဆက်တိုက်ကျင်းပပေးခဲ့တယ်။ ပန်းချီဆရာတွေဘက်ကလည်း ပြတိုက်ကြီးနဲ့ထိုက်တန်တဲ့ ပန်းချီလက်ရာတွေကို ကြိုးစားရေးဆွဲခဲ့ကြတယ်။ မြန်မာပန်းချီဆရာတွေအနေနဲ့ အဆင့်အတန်းမြင့်တဲ့ လက်ရာတွေကို ကြိုးစားအားထုတ်ရင်း နိုင်ငံတကာဈေးကွက်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားရောက်ပြသပြီး အောင်မြင်နေတဲ့ ပန်းချီဆရာတွေလည်း ရှိနေပါတယ်။ ရှေးပန်းချီဆရာကြီးတွေရဲ့ ပညာရပ်တွေကို မျိုးဆက်သစ်ပန်းချီ အနုပညာရှင်တွေကလည်း နိုင်ငံတော်ရဲ့ တစ်ထောင့်တစ်နေရာကနေ အင်အားတစ်ခုအနေနဲ့ ပြသနိုင်ဖို့ အဆင်သင့်ရှိနေပါတယ်”ဟု ဆိုသည်။
ယင်းနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပန်းချီဆရာကြီး ဦးဘိုးစော(တောင်ကြီး)၏ ၁၉၅၆ ခုနှစ်က ရေးဆွဲခဲ့သည့် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော ရှမ်းတိုင်းရင်းသားလူမျိုးများ၏ ပုံတူ ရေဆေးပန်းချီ ပုရပိုက်ပုံစံ ပန်းချီစာအုပ်လှူဒါန်းခဲ့သည့် အလှူရှင်နှင့် အမျိုးသားပြတိုက် (ရန်ကုန်)နှင့် အမျိုးသားပြတိုက် (နေပြည်တော်) တို့အတွက် မြန်မာရေဆေးပန်းချီကားများ စုဆောင်းရန် ကူညီပေးခဲ့ကြသော ပန်းချီဆရာကြီး ၆ ဦးတို့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် ပြတိုက်အတွင်းရှိ ပြပွဲပန်းချီကားများကို လှည့်လည်ကြည့်ရှုကြသည်။
ပန်းချီပြပွဲသို့ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ သံအမတ်ကြီးများ၊ ပန်းချီအနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မီဒီယာများ တက်ရောက်ကြသည်။
အဆိုပါပန်းချီပြပွဲကို ယနေ့မှ ဇန်နဝါရီ ၁၈ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ အမျိုးသားပြတိုက်(ရန်ကုန်)၌ ဖွင့်လှစ်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်း- ရီရီမြင့်
ဓာတ်ပုံ- ရဲထွဋ်