၈ ဧပြီ
ဂျက်နက်တာရာဟာနီဆိုတဲ့ အမျိုးသမီးဟာ ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ်စစ်သွေးကြွတွေနဲ့ ပူးပေါင်းဖို့ နယ်သာလန်နိုင်ငံကနေ ထွက်ခွာခဲ့တယ်။ ဆီးရီးယားရောက်တော့ အိုင်အက်စ်တိုက်ခိုက်ရေးသမားတစ်ဦးနဲ့ လက်ထပ်ခဲ့တယ်။
အဲဒီလူ အသတ်ခံရပြီးတဲ့နောက် ဂျက်နက်တာဟာ နောက်တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ နောက်တစ်ယောက်ဟာလည်း တိုက်ပွဲမှာ သေဆုံးပြန်တယ်။ ဂျက်နက်တာကတော့ ကလေးတစ်ယောက်နဲ့ ကျန်ရစ်နေခဲ့ပါတယ်။ မတ်လအတွင်း မှာပဲ အိုင်အက်စ်တွေဟာ လုံးဝချေမှုန်းတာကို ခံလိုက်ရပါပြီ။
ပုံမှန်ဘဝပြန်ရချင်
ဂျက်နက်တာတစ်ယောက်လည်း အမေရိကန်က ကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဦးထံမှာ လက်နက်ချခဲ့ပါတယ်။ အဲဒီနောက်မှာလည်း သူလည်း အယ်ဟိုးရွက်ဖျင်စခန်းကို ရောက်သွားပါတယ်။ ဂျက်နက်တာကတော့ အသက် ၃၄ နှစ်ရှိပြီး သားဖြစ်သူ အာမက်ကတော့ သုံးနှစ်ပါ။ ပုံမှန်ဘဝကို ပြန်သွားချင်တယ်လို့ ဂျက်နက်တာက ပြောပါတယ်။
ကမ္ဘာပေါ်မှာ အရက်စက်ဆုံး အကြမ်းဖက်အဖွဲ့ အစည်းဖြစ်တဲ့ အိုင်အက်စ်တွေရဲ့ နောက်ဆုံးထိန်းချုပ်ထားရာ နယ်မြေကိုရှင်းလင်းနိုင်ခဲ့ပြီလို့ ကြေညာလိုက်တာဟာ တကယ့်မှတ်တိုင်တစ်ခုပါပဲ။ ဒါပေမယ့် မေးစရာရှိတာက ကမ္ဘာတစ်ဝန်းကနေ ဂျက်နက်တာတို့လို အမျိုးသမီးတွေဟာ အိုင်အက်စ်တွေနဲ့လာပြီး ပူးပေါင်းခဲ့ကြပါတယ်။
အခု အိုင်အက်စ်တို့ ကျရှုံးချိန်ဟာ ဒီအမျိုးသမီးတွေကိုရော ဘယ်လိုလုပ်မှာလဲ ဆိုတဲ့မေးခွန်းပါပဲ။ အခုဆိုရင် နေရပ်ကိုလည်း မပြန်နိုင်သလို ဘယ်နေရာကမှလည်း သူတို့ကို လက်မခံပါဘူး။ အဲဒီအမျိုးသမီးတွေအတွက် ဘယ်လိုလုပ်ပါ့မလဲ။
လူတွေပြည့်နေ
အယ်ဟိုးဆိုတဲ့စခန်းမှာ ဒီဇင်ဘာလတုန်းက လူပေါင်း ၉၀ဝဝ ခန့်ရှိခဲ့ပြီး အိုင်အက်စ်တို့ရဲ့ နောက်ဆုံးနယ်မြေကို ပြန်သိမ်းယူပြီးတဲ့နောက်မှာတော့ စခန်းမှာရှိတဲ့ လူစာရင်းဟာ ၇၂၀ဝဝ ခန့်အထိ တိုးလာခဲ့ပါတယ်။ ဒုက္ခသည်စခန်းတစ်ခုလုံး လူတွေနဲ့ ပြည့်နေပါတယ်။
ဒုက္ခသည်စခန်းမှာရောက်နေတဲ့ ဂျာမနီအမျိုးသမီးတစ်ဦးကတော့ ဆရာဝန်တစ်ဦးဖြစ်တဲ့ ခင်ပွန်းသည်နဲ့အတူ ဆီးရီးယားကို လာခဲ့တယ်လို့ ပြောပါတယ်။ အခု အခါမှာတော့ သူ့ရဲ့ ခင်ပွန်းသေသလား၊ ရှင်သလားလည်း မသိသေးဘဲ ဒီစခန်းကို ကလေးတစ်ယောက်နဲ့ ရောက်လာခဲ့ပါတယ်။ သူကတော့ ဂျာမနီကို မပြန်ချင်ဘူးလို့ ပြောပါတယ်။
အိုင်အက်စ်တွေဟာ အရင်ကလို ဆီးရီးယားနဲ့ အီရတ်က နယ်မြေတွေကို သိမ်းယူထားနိုင်တာ မရှိတော့ပေမယ့် အယ်ဟိုးစခန်းမှာရောက်နေတဲ့ အိုင်အက်စ်တွေ နဲ့ပူးပေါင်းခဲ့သူ အမျိုးသမီး ၉၀ဝဝ ခန့်ကတော့ သူတို့ရဲ့ စည်းမျဉ်းတွေကို လိုက်နာ ဆဲပါပဲ။
ပြန်လက်မခံချင်ကြ
အယ်ဟိုးစခန်းဆိုတာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ကာ့ဒ်တွေဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့က ထိန်းချုပ်ထားတဲ့ အကြီးဆုံးထိန်းသိမ်းရေးစခန်း သုံးခုထဲက တစ်ခုပါ။ ဆီးရီးယားနိုင်ငံမှာရှိတဲ့ စခန်းတွေမှာ နိုင်ငံခြားက အမျိုးသမီးပေါင်း ၁၂၀ဝဝ ခန့်ကို ထိန်းသိမ်းထားပါတယ်။
ဆီးရီးယားဒီမိုကရက်တစ်တပ်ဦးကတော့ အိုင်အက်စ်တိုက်ခိုက်ရေးသမား ပေါင်း ၈၀ဝဝ ခန့်ကို ဖမ်းဆီးထားပြီးအဲဒီထဲမှာ နိုင်ငံခြားသားကတော့ ၁၀ဝဝ ခန့် ရှိပါတယ်။ ပြင်သစ်၊ ရုရှားနဲ့ ချေချင်ညာတို့ကတော့ ပမာဏအလွန်နည်းပါးတဲ့ သူတို့ ရဲ့ နိုင်ငံသားတွေကို ပြန်လက်ခံပါတယ်။
သူတို့လက်ခံတာကတော့ မိဘမဲ့တွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေကိုပါပဲ။ ဒါပေမယ့် အိုင်အက်စ်တွေနဲ့လာပူးပေါင်းတဲ့ နိုင်ငံခြားသားတွေကို မူရင်းနိုင်ငံက ပြန်လက်မခံချင်ကြပါဘူး။ သူတို့ဟာ မငြိမ်းချမ်းတဲ့ ဒီဒေသမှာပဲ နိုင်ငံမဲ့တွေဖြစ်လာ ခဲ့ပါတယ်။
ပြန်လွှတ်မပေးရဲ
မတ်လနောက်ဆုံးပတ်အတွင်းမှာပဲ ဒေသခံအစိုးရဟာ နိုင်ငံခြားတိုက်ခိုက်ရေး သမားတွေကို အဆုံးအဖြတ်ပေးမယ့် အပြည်ပြည်ဆိုင်ရာ ခုံရုံးဖွဲ့စည်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီအကြံဉာဏ်ကို အပြည်ပြည်ဆိုင်ရာက ထောက်ခံမှုနည်းသလို ဆီးရီးယားအစိုးရကလည်း လက်ခံဖွယ်မရှိပါဘူး။
စခန်းမှာရှိတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ နောက်ကြောင်းရာဇဝင်ကိုကြည့် ဖို့ဆိုတာလည်း ခက်ခဲပါတယ်။ သူတို့ဟာ နာမည်အတုတွေပဲသုံးတဲ့အတွက် ကိုယ်ရေးအချက်အလက်အမှန်ကို မသိနိုင်ပါဘူး။ အမျိုးသမီးတွေကို အမျိုးသားတွေလောက် အန္တရာယ်မရှိဘူးလို့ သတ်မှတ်ထားကြပေမယ့် တချို့အမျိုးသမီးတွေကတော့ သူတို့ကိုယ်တိုင်က တိုက်ခိုက်ရေးသမားတွေပါ။
တချို့အမျိုးသမီးတွေကျပြန်တော့လည်း အိုင်အက်စ်တွေရဲ့ အယူဝါဒတွေ ရိုက်သွင်းခံထားရသူတွေ ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် သူတို့ကို ထိန်းသိမ်းထားတဲ့ အာဏာပိုင် တွေဟာ သူတို့ကို ပြန်လွှတ်မပေးရဲပါဘူး။
ပုံမှန်လူ့အသိုင်းအဝိုင်းထဲ ပြန်ရောက်ချင်
နောင်တရကြတဲ့ အမျိုးသမီးတွေရှိသလို နောင်တမရသေးတဲ့အမျိုးသမီးတွေလည်း ရှိပါတယ်။ ထရီနီဒတ်ကလာတဲ့ အမျိုးသမီးကတော့ ဂါလီယွန်လို့ သူ့ကိုယ်သူ ပြောပါတယ်။ သူ့ရဲ့ခင်ပွန်းဟာ အိုင်အက်စ်တွေနဲ့ ပူးပေါင်းဖို့ ၂၀၁၄ ခုနှစ်မှာ ဆီးရီးယား ကို ထွက်လာပါတယ်။
အဲဒီနောက်မကြာခင်မှာပဲ ခင်ပွန်းသည်နဲ့ ကွာရှင်းခဲ့ပါတယ်။ ဂါလီယွန်ကတော့ ပုံမှန်ဘဝနဲ့ ပုံမှန်လူမှုအသိုင်းအဝိုင်းထဲကို ပြန်ရောက်ချင်တယ်လို့ ပြောပါတယ်။ အိပ်ရာမှာ ကောင်းကောင်းအိပ်ချင်ပြီး အစားလည်း ပုံမှန်စားချင်တယ်။ တီဗွီလည်း ကြည့်ချင်တယ်၊ ရယ်လည်းရယ်ချင်တယ်လို့ ပြောပါတယ်။
နောင်တမရသေး
အသက် ၂၂ နှစ်အရွယ် ချေချင်ညာအမျိုးသမီးတစ်ဦးကတော့ သူ့ကိုယ်သူ အမ်အီရှာလို့ ပြောပါတယ်။ သူကတော့ နည်းနည်းလေးမှ နောင်တရတဲ့ဟန် မရှိပါဘူး။ အိုင်အက်စ်တွေနဲ့ လာပူးပေါင်းရတာကောင်းတယ်လို့ ပြောပါတယ်။
သူတို့ရဲ့ ညီအစ်ကိုတော်တွေဟာ နေရာအနှံ့မှာရှိလို့ တစ်ချိန်ချိန်အုပ်စုပြန်ဖွဲ့နိုင်တယ်လို့ ယုံကြည်နေပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း အိုင်အက်စ် တို့နဲ့သွားပေါင်းတဲ့ ကနေဒါအမျိုးသမီးနှစ်ဦးဟာလည်း နောင်တရဟန် မပြခဲ့ပါဘူး။
ဒီအမျိုးသမီးတွေ ကနေဒါနိုင်ငံကို ပြန်လာခဲ့ရင် လုံလောက်တဲ့ သက်သေအထောက်အထားတွေနဲ့ အမှုရင်ဆိုင်ရဖွယ်ရှိပါတယ်။ သက်သေအထောက်အထား ရှာဖို့လည်း ခက်ပါတယ်။ တရားစွဲဆိုမခံရရင်တောင် သူတို့သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ်သွားလာနိုင်လိမ့်မယ်လို့တော့ မထင်ဘူးလို့ စီအက်စ်အိုင်အက်စ် အဖွဲ့က သုတေသီတစ်ဦးဖြစ်သူ ဂျက်ဆီကာဒေးဗစ်က ပြောပါတယ်။
၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာပဲ ဆရီမာဘေဂမ်ဆိုတဲ့ မိန်းကလေးဟာ အိုင်အက်စ်တွေနဲ့ သွားပေါင်းဖို့ ဗြိတိန်ကနေ ဆီးရီးယားကို ထွက်ခွာလာခဲ့ပါတယ်။ ဆရီမာဟာလည်း ဗြိတိန်နိုင်ငံကို ပြန်ရောက်ရင် တရားစွဲဆိုမှုတွေ တသီတတန်းကြီးနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင် သူ့ကလေးအတွက် ဗြိတိန်ကို ပြန်ချင်တယ်လို့ ပြောခဲ့ပါတယ်။
လေ့ကျင့်ခြင်းခံထားရတဲ့ ကလေးတွေ
အယ်ဟိုးစခန်းမှာရှိတဲ့ လူသုံးပုံနှစ်ပုံခန့်ဟာ ကလေးတွေပါ။ တချို့ကတော့ မိဘမဲ့တွေပါ။ အားလုံးကတော့ အကြမ်းဖက်မှုတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြသူတွေဖြစ်ပြီး တချို့ကတော့ လေ့ကျင့်ပေးတာ ခံထားရတဲ့သူတွေပါ။ တချို့မိဘတွေ ကိုယ်တိုင်ကိုက အိုင်အက်စ်တွေရဲ့ အယူဝါဒတွေ လွှမ်းမိုးနေတာဖြစ်လို့ စိန်ခေါ်မှုက ကြီးမားပါတယ်။
စခန်းရဲ့အုပ်ချုပ်ရေးမှူး ဘာရှာက စိတ်ပိုင်းဆိုင်ရာအရတော့ အရင်အတိုင်းပါပဲ။ဘာမှပြောင်းလဲမသွားပါဘူးလို့ ပြောပါတယ်။ ကလေးတွေက အပြစ်ကင်းပါတယ်။ ဒါပေမယ့် ဒီစခန်းမှာပဲ ကြီးပြင်းရရင်တော့ သူတို့မိဘတွေ သင်ပေးတာပဲ ခေါင်းထဲမှာ စွဲနေတော့မှာလို့ ပြောပါတယ်။
နိုင်ငံမဲ့တွေ များလာ
အီရတ်၊ အီဂျစ် ကလေးငယ်တွေဟာ အုပ်စုဖွဲ့ပြီး ကစားရာမှာလည်း တိုက်ပွဲမှာ ပစ်ခတ်တမ်း ကစားနေကြပါတယ်။ အသက် ၁၀ နှစ်အရွယ် ကလေးကတော့ ခြေထောက်တစ်ဖက် ပြတ်နေပါတယ်။ သူ့အိမ်ဘယ်မှာလဲလို့မေးတော့ မသိဘူးလို့ ပြောပါတယ်။
ဆီးရီးယားနိုင်ငံသား မဟုတ်ဘဲ နိုင်ငံခြားကနေ အိုင်အက်စ်တွေနဲ့ လာရောက် ပူးပေါင်းတဲ့သူတွေဟာ ဒီစခန်းမှာ သောင်တင်နေပြီး သူတို့ကိုလက်ခံမယ့် နိုင်ငံလည်း မရှိပါဘူး။ နိုင်ငံမဲ့တွေ များလာတဲ့အခြေအနေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ကိုတော့ အခုထက်ထိ မသိရသေးပါဘူး။ ။
ကိုးကား - နယူးယောက်တိုင်းမ်
ခြူးစန္ဒီနွေး