အောက်တိုဘာ

စီးတီးဘတ်စ်နှင့် အဝေးပြေးဘတ်စ်များ

ကမ္ဘာ့မြို့ကြီးပြကြီးများ၌ မှီတင်းနေထိုင် လျက်ရှိသော မြို့ပြနေပြည်သူတို့၏ ကူးသန်း သွားလာရေးကိစ္စ အဆင်ပြေချောမွေ့စေရန် အတွက် မြို့၏ဧရိယာနှင့် မြို့တည်နေပုံ အကွက်အကွင်းတို့အပေါ် အခြေခံလျက် ဘတ်စ်ကားလိုင်းများ သတ်မှတ်ပြေးဆွဲပေးလျက်ရှိနေကြသည်။ ထိုကဲ့သို့ ပြေးဆွဲ ပို့ဆောင် ပေးကြရာတွင် ၂၀ ရာစုနှောင်းပိုင်းကာလအထိ မြို့တွင်းသုံး စီးတီးဘတ်စ် (City Bus)နှင့် ခရီးဝေးသွား အဝေးပြေးဘတ်စ် (Highway Bus) များ၏ အခြေခံ တည်ဆောက်တပ်ဆင်ထားပုံမှာ ကွာခြားမှု သိပ်မရှိခဲ့ပေ။

မြို့တွင်းခရီးစဉ်များမှာ တိုတောင်းပြီး အချိန်ကုန်သက်သာသောကြောင့် စီးတီး ဘတ်စ်၏ ထိုင်ခုံနေရာချထားမှုနှင့် ထိုင်ခုံပုံစံ တို့မှာ သာမန်မျှသာဖြစ်ခဲ့ပြီး ခရီးဝေးသွား အဝေးပြေးဘတ်စ်များကမူ ခရီးစဉ်က ရှည် လျားပြီး စီးနင်းရချိန် ကြာမြင့်လှသည့်အတွက် ထိုင်ခုံနေရာချထားမှုနှင့် ထိုင်ခုံပုံစံတို့မှာ ခရီးသည်တို့ သက်သောင့်သက်သာ ရှိစေရေးကို အထူးဦးစားပေး တည်ဆောက်တပ်ဆင်ပေးထားခဲ့ကြသည်။

၂၁ ရာစုထဲသို့ ချင်းနင်းဝင်ရောက်လာ ချိန်၌မူ မြို့တွင်းခရီးတိုသုံး စီးတီးဘတ်စ်နှင့် ခရီးဝေးသွား အဝေးပြေးဘတ်စ်တို့၏ မတူကွဲပြားသော သဘောသဘာဝကို မော်တော်ယာဉ်အင်ဂျင်နီယာ ပညာရှင်များက သတိပြု မိလာခဲ့ကြသည်။ ခရီးဝေးသွား အဝေးပြေးဘတ်စ်များသည် တောင်တက်လမ်းခရီးများမှလွဲ၍ ကျန်ခရီးစဉ်များ၌ ခရီးစဉ်၏ ၉၀ ရာခိုင်နှုန်းကျော်အတွက် ဖြောင့်တန်းသော လမ်းပိုင်းများ၌သာ မောင်းနှင်ကြရပြီး၊ ကျန် ၁၀ ရာခိုင်နှုန်းခန့်သော လမ်းခရီးများ၌သာ အနည်းငယ် ကောက်ကွေ့သော လမ်းများ၊ အချိုးအကွေ့များလွန်းသော လမ်းများပေါ်၌ မောင်းနှင်ကြရလေ့ရှိသည်။ မြို့တွင်းသုံး စီးတီးဘတ်စ်များသည်ကား မြို့ပြတစ်ခု၏ တည်နေပုံ အကွက်အကွင်းနှင့် ဖောက်လုပ် ထားသော လမ်းကွန်ရက် အနေအထားတို့အရ အချိုးအကွေ့နှင့် အရှောင်အတိမ်း များလွန်း သော သဘောသဘာဝ ရှိနေကြသည်။

အပေါ့စားယာဉ်နှင့် ယာဉ်ကြီးများ

မော်တော်ယာဉ် အင်ဂျင်နီယာ ပညာအရဆိုရလျှင် ခရီးသည်နှင့် ကုန်စည်များစွာ တင်ဆောင်မောင်းနှင်ကြရသော City Bus, Highway Bus နှင့် Truck ယာဉ်ကြီးများကို သမားရိုးကျ နောက်ဘီးယက်စနစ် (Rear Wheel Drive System) ဖြင့်သာ တပ်ဆင်ထုတ်လုပ်ကြရပြီး အပေါ့စား Saloon နှင့် Sedan စသည့် ယာဉ်ငယ်များကို သမားရိုးကျ နောက်ဘီးယက်စနစ်ဖြင့်ရော၊ ခေတ်သစ်နည်းပညာဖြစ်သည့် ရှေ့ဘီးယက်စနစ် (Fro- nt Wheel Drive System) ဖြင့်ပါ တပ်ဆင်ထုတ်လုပ်နိုင်သည်။

နောက်ဘီးယက်စနစ်ဖြင့် တပ်ဆင် ထုတ်လုပ်ထားသော Bus နှင့် Truck များ၊ Grand Saloon နှင့် Wagon များ အားလုံး သည် နောက်ဘီးယက်စနစ်နှင့် လိုက်လျော ညီထွေဖြစ်အောင် ဝင်ရိုးတန်းနှင့် ကန့်လန့်ပြု၍ တပ်ဆင်ထားသော အင်ဂျင်၏ အနေ အထားအရ အချိုးအကွေ့တိုင်း၌ Gyroscopic Effect ဟု ခေါ်တွင်သည့် ယာဉ်ကို လူးလွန့်သွားစေသော သက်ရောက်မှုကို အနည်းနှင့် အများ ခံကြရသည်။

မော်တော်ယာဉ် အင်ဂျင်နီယာပညာအရ အင်ဂျင်ကို ဝင်ရိုးတန်းနှင့် ကန့်လန့်ပြုလျက် အထိုင်ချ တပ်ဆင်ထားသော နောက်ဘီးယက်စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ထားသည့် ယာဉ်များ၌ အဆိုပါ Gyroscopic Effect များကို ပျောက်ပျက်သွားအောင် လုပ်ဆောင်၍မရဘဲ အဆင့်မြင့်နည်းပညာများသုံးကာ လျော့ပါး သက်သာအောင်သာလျှင် လုပ် ဆောင်၍ ရနိုင်သည်။

အဆိုပါ နည်းပညာဆိုင်ရာအားနည်း ချက်ကို တွေ့ရှိလာခဲ့ကြသည့်အတွက် ၂၀ ရာစု မကုန်မီကတည်းကပင် အပေါ့စားယာဉ် ငယ်များကို နောက်ဘီးယက်စနစ်အစား ရှေ့ဘီးယက်စနစ်ဖြင့် စတင်တပ်ဆင်ထုတ်လုပ် လာခဲ့ကြသည်မှာ ယနေ့ထိတိုင်အောင်ပင် ဖြစ်သည်။ ဤနေရာတွင် နောက်ဘီးယက် စနစ်ကိုပင် သမားရိုးကျနည်းပညာမှ ခွဲထွက် ကာ အင်ဂျင်နှင့် ဝင်ရိုးတန်းတို့ကို မျဉ်းပြိုင် အနေအထားဖြင့် တပ်ဆင်ထားသည့် ဘတ်စ် အချို့ကို လွန်ခဲ့သော နှစ်အနည်းငယ်က စမ်းသပ်ထုတ်လုပ်ခဲ့ဖူးသော်လည်း အင်ဂျင်စွမ်း အားကျဆင်းနှုန်း မြန်ဆန်သောကြောင့် ထိရောက်အောင်မြင်မှု အလွန်အားနည်းခဲ့သည်။

ခေတ်သစ်နည်းပညာဖြစ်သော အင်ဂျင် နှင့် ဝင်ရိုးတန်း အပြိုင်ဖြစ်သည့် ရှေ့ဘီးယက် စနစ် (Front Wheel Drive System)ကို အပေါ့စားယာဉ်ငယ်များ၌သာ အသုံးချနိုင်ပြီး ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များ၊ အဆွဲအရုန်းကောင်းမွန်ရန်လိုအပ်သော Grand Saloon ခေါ် အဆင့်မြင့် ဇိမ်ခံကားများနှင့် အရေးကြီးပုဂ္ဂိုလ်များ စီးနင်း အသုံး ပြုမည့် ယာဉ်များ၌ အဆိုပါနည်းပညာကို အသုံးချ၍မရနိုင်ပေ။

ဘတ်စ်များ တပ်ဆင်ထုတ်လုပ်ခြင်း

သို့ဖြစ်၍ အကြီးစားယာဉ်များစာရင်း၌ ပါဝင်သော စီးတီးဘတ်စ်နှင့် အဝေးပြေး ဘတ်စ်များသည် သမားရိုးကျ နောက်ဘီး ယက်စနစ်နှင့် လိုက်လျောညီထွေဖြစ်ကာ ရုန်းအားကောင်းစေရန်အတွက် အင်ဂျင်ကို ဝင်ရိုးနှင့် ကန့်လန့်ဖြတ် အထိုင်ချပြီး တပ်ဆင်ထုတ်လုပ်ထားသောယာဉ်များ ဖြစ်ကြသည့်အလျောက် ထိုအနေအထားအရ အချိုး အကွေ့တိုင်း၌ Gyroscopic Effect ကို သာမန်ယာဉ်များထက်ပို၍ ခံကြရသည်။ အကြောင်းမူကား ခရီးသည်တင်ဘတ်စ်များသည် ကုန်တင်ယာဉ်ကြီးများကဲ့သို့ပင် ယာဉ် ကိုယ်ထည်၏ အလျားက အလွန်ရှည်လျား သောကြောင့် ဖြစ်သည်။

ယာဉ်ကိုယ်ထည်အလျား ရှည်လျားလွန်းခြင်း၏ နောက်ထပ် ပြဿနာတစ်ရပ်မှာ ထောင့်ကျဉ်း အချိုးအကွေ့များနှင့် အဝိုင်းကိုပတ်၍ မောင်းနှင်သည့်အခါများ၌ Cen- trifugal Force ခေါ် ဗဟိုခွာအား သက်ရောက် မှု များပြားလွန်းခြင်းပင် ဖြစ်သည်။ ရူပဗေဒ သဘောတရားဖြစ်သော Centrifugal Force ခေါ် ဗဟိုခွာအားဆိုသည်မှာ ဗဟိုအမှတ် တစ်ခုကို ဝန်းပတ်၍ အရှိန်ဖြင့် ရွေ့လျား သည့်အခါ အဆိုပါ ရွေ့လျားနေသော အရာ ဝတ္ထု၏ ကိုယ်ထည်အရွယ်အစားနှင့် ကိုယ်ထည်အလျားတို့အပေါ် မူတည်ပြီး ယင်းအရာဝတ္ထု၏ နောက်မြီးကို ဗဟိုအမှတ်မှ ဝေးရာဆီသို့ အနည်းနှင့်အများဆိုသလို တွန်းပို့ပေးနေခြင်းပင်ဖြစ်သည်။ ဗဟိုအမှတ်ကို ဝန်းပတ် ရွေ့လျားသည့် မြန်နှုန်းက မြင့်မားလေ ဗဟိုအမှတ်မှ ဝေးရာဆီသို့ တွန်းပို့အားက ပို၍ များပြားလေဖြစ်သည်။

ခေတ်သစ်နည်းပညာများ

အထက်ပါ သဘောတရားအရ ခရီးသည် တင်ဘတ်စ်များနှင့် ကုန်တင်ယာဉ်ကြီးများ သည် ထောင့်ကျဉ်း အချိုးအကွေ့များ၌ ချိုး ကွေ့သည့်အခါ သို့တည်းမဟုတ် အဝိုင်းကို ပတ်သည့်အခါ မြန်နှုန်းအပေါ်မူတည်ပြီး ဗဟို ခွာအားသက်ရောက်မှုကို အနည်းနှင့်အများ ခံကြရခြင်းဖြစ်သည်။ အကယ်၍ မြန်နှုန်းမြင့်ဖြင့် ချိုးကွေ့ဝန်းပတ်မိပါက ဘေးချင်းယှဉ်၍ ကပ်လျက်လိုက်ပါလာသည့် အခြားယာဉ်များ ကို ပွတ်တိုက်မိခြင်းမှသည် တိမ်းမှောက်သွား သည်အထိပင် ဖြစ်ပွားကြရလေ့ရှိသည်။ ထို့ကြောင့်ပင် ဘတ်စ်ကားထုတ်လုပ်သည့် အဆင့်မြင့်နည်းပညာများ မပေါ်ပေါက်သေးမီ အချိန်ကာလများက မြို့တွင်းခရီးတိုသုံး စီးတီးဘတ်စ်များ၏ တိမ်းမှောက်မှုများ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ကြရခြင်းဖြစ် သည်။

ခေတ်သစ်နည်းပညာများ ပေါ်ပေါက်လာသည့်အခါတွင်မူ မြို့တွင်းသုံး စီးတီးဘတ်စ်များ၌ ဖြစ်ပေါ်ကြုံတွေ့ရလေ့ရှိသည့် Cen-trifugal Force ခေါ် ဗဟိုခွာအား သက်ရောက် မှုကို လျော့နည်းသက်သာစေမည့် အစီအမံများကို ဆောင်ရွက်လာကြသည်။ အချိုး အကွေ့များလွန်းသည့် မြို့တွင်း ခရီးတိုသုံး စီးတီးဘတ်စ်များကို ဗဟိုခွာအားသက်ရောက်မှု လျော့နည်းစေရန်အတွက် အဝေးပြေးဘတ်စ်များကဲ့သို့ တည်ဆောက်ခြင်းမပြုတော့ဘဲ ယာဉ်၏ Skeleton ခေါ် ကောက်ကြောင်းကို သီးခြားတွက်ချက်ဖွဲ့စည်းကာ တပ်ဆင်တည်ဆောက်လာကြသည်။

စီးတီးဘတ်စ်များ၏ အားသာချက်များ

သမားရိုးကျနည်းပညာသုံး အဝေးပြေးဘတ်စ်များ၌ အောက်ခံပေါင်(Chassis)နှင့် ယာဉ်ကိုယ်ထည်တို့မှာ သီးခြားစီဖြစ်သော် လည်း မြို့တွင်းသုံး စီးတီးဘတ်စ်များ၌မူ အောက်ခံပေါင် (Chassis) နှင့် ကောက်ကြောင်း (Skeleton)တို့၏ သဘောသဘာဝ များကို အဆင့်မြင့်နည်းပညာဖြင့် ပေါင်း စပ်ယှက်နွှယ်ပေးထားသည်။ ထိုကဲ့သို့ ပေါင်း စပ်ယှက်နွှယ်ထားသည့်အတွက် သာမန် မောင်းနှင်ချိန်များ၌ ယာဉ်၏လူးလွန့်မှုတွင် Skeleton များက အလိုက်သင့် လိုက်ပါယိမ်း နွဲ့ပေးနိုင်ခြင်း၊ ထောင့်ကျဉ်း အချိုးအကွေ့ များနှင့် အဝိုင်းပတ်သည့်အခါများ၌ Centri- fugal Force သက်ရောက်မှုကို များစွာ လျှော့ ချပေးနိုင်ခြင်း စသော ကောင်းကျိုးများကို ရရှိလာစေသည်။ ထို့ပြင် ယာဉ်၏အလေးချိန် ကိုပါ သိသာစွာ လျှော့ချလာနိုင်ခဲ့သည်။

အထက်ပါ ခေတ်သစ်နည်းပညာကို စီးတီးဘတ်စ်များ၌ ဦးစွာအသုံးချလာနိုင်သည့်အတွက် ကမ္ဘာအရပ်ရပ်ရှိ မြို့ကြီးပြကြီးများ၏ မြို့ပြပို့ဆောင်ရေးအပိုင်းတွင် ယာဉ်မတော်တဆမှုများကို သိသာစွာ လျှော့ချလာနိုင်ခဲ့ကြသည်။ မြို့ပြပို့ဆောင်ရေးကဏ္ဍအတွက် အမှာစာများ ပေးပို့ရာတွင် စီးတီးဘတ်စ်ဟူ၍ သီးသီးသန့်သန့် ခေါင်းစဉ်တပ်၍ အထူးပြုကာ ရွေးချယ်မှာကြား တင်သွင်းလာနိုင်ကြသည်။ ကမ္ဘာအရပ်ရပ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးနေဆဲနိုင်ငံအချို့၌ မြို့တွင်းခရီးသည်ပို့ဆောင်ရေးတွင် စီးတီးဘတ်စ်များကိုသာ အသုံးပြုလျက် ရှိနေကြသည်။

ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများ၌မူ မြို့တွင်းပို့ဆောင်ရေးအတွက် စီးတီးဘတ်စ်နှင့် အဝေးပြေးဘတ်စ်ဟူ၍ ဘတ်စ်အမျိုးအစား ခွဲခြားခြင်းမရှိဘဲ ရောနှောတင်သွင်း သုံးစွဲလျက်ရှိနေကြသဖြင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုက ကျဆင်းသွားခြင်း မရှိသေးပေ။ ခေတ်သစ်နည်းပညာသုံး စီးတီးဘတ်စ်နှင့် မိုဒယ်နိမ့် အဝေးပြေးဘတ်စ်များကို မြို့တွင်းခရီးစဉ်များ၌ ခရီးသည်ပို့ဆောင်ရန် ရောနှောသုံးစွဲနေကြခြင်းကြောင့် အဝေးပြေးဘတ်စ်နှင့် စီးတီးဘတ်စ်တို့ ထိခိုက် တိုက်မိကြသည့်အခါ ခရီးဝေးမောင်းနှင်နိုင်ရေး အတွက် ကြံ့ခိုင်မှု ပိုမိုကောင်းမွန်အောင် သမားရိုးကျနည်းပညာဖြင့် တပ်ဆင် တည်ဆောက်ထားသော မိုဒယ်နိမ့် အဝေးပြေး ဘတ်စ်များကြောင့် စီးတီးဘတ်စ်နှင့်တကွ လိုက်ပါစီးနင်းလာသော ခရီးသည်များဘက်တွင် ထိခိုက်ပျက်စီး ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများကို ပိုမိုဖြစ်ပေါ် ခံစားခဲ့ကြရသည်။

လုံခြုံစိတ်ချရသော ပို့ဆောင်ရေးစနစ်

မျက်မှောက်ကာလတွင်မူ အဝေးပြေးဘတ်စ်များကိုပင် ယာဉ်အလေးချိန်လျှော့ချ ရန်၊ လောင်စာဆီသုံးစွဲနှုန်း လျှော့ချရန်၊ အကွေ့အကောက်လမ်းပိုင်းများ၌ ယာဉ်၏တိမ်းစောင်းမှုအပေါ် လိုက်လျောညီစွာ လိုက်ပါယိမ်းနွဲ့စေခြင်းဖြင့် ယာဉ်တိမ်းမှောက်နိုင်ခြေကို လျှော့ချရန်စသော ရည်ရွယ်ချက်များဖြင့် ခေတ်သစ် စီးတီးဘတ်စ်များကဲ့သို့ပင် Chassis နှင့် Skeleton တို့ကို ပေါင်းစပ်ယှက်နွှယ်ကာ ထုတ်လုပ်ပေးနေကြပြီဖြစ်သည်။

သို့ဖြစ်၍ လုံခြုံစိတ်ချရသော အများ ပြည်သူ ပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် မြို့တွင်းခရီးစဉ်များအတွက် ဘတ်စ်များကို ဝယ်ယူဖြည့်တင်းသည့်အခါ ခေတ်သစ်နည်းပညာဖြင့် တပ်ဆင်ထုတ်လုပ်ထားသော စီးတီးဘတ်စ်များကိုသာ ဖြည့်တင်းသုံးစွဲကြရန် လိုအပ်ပြီး သမားရိုးကျ နည်းပညာဟောင်းဖြင့် တပ်ဆင်ထုတ်လုပ်ထားသော မိုဒယ်နိမ့် အဝေးပြေးဘတ်စ်များနှင့် ရောနှောပြေးဆွဲစေခြင်းမျိုးကိုလည်း တတ်နိုင်သရွေ့ ရှောင်ရှားသင့်ကြပေသည်။ ။

သိပ္ပံစာရေးဆရာကိုကိုအောင်