၁၈ စက်တင်ဘာ
မြန်မာနိုင်ငံသည် လူကုန်ကူးမှု၏ မူရင်းအစပြုနေရာဖြစ်ခြင်း၊ နစ်နာမှုများပြားခြင်းကြောင့် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်သည့် စုပေါင်းအင်အားဖြင့် လူကုန်ကူးမှုများကို တိုက်ဖျက်ရန် လိုအပ်ရာ ယခုနှစ်လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ပုဒ်ဖြစ်သည့် “လူကုန်ကူးမှုပပျောက်ရေး ပြည်သူအားလုံးပါဝင်ပေး” နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပူးပေါင်း ပါဝင်လက်တွဲ ဆောင်ရွက်ပေးကြရန် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက တိုက်တွန်းပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်သည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၆၇ နိုင်ငံအပေါ် သုံးသပ်ထားသော ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် လူကုန်ကူးခံရမှုမှာ နံပါတ် ၁၈ တွင်ရှိနေပြီး မြန်မာနိုင်ငံလူဦးရေ ၅၂ သန်းကျော်၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသည့် လူဦးရေ ၅၇၅၀ဝ၀ ခန့်သည် ခေတ်သစ်ကျေးကျွန်စနစ်အောက်တွင် နေထိုင်ကြရသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသဖြင့် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုကို ပူးပေါင်းလက်တွဲ ကာကွယ် တိုက်ဖျက်ကြရန် လိုအပ်နေသည်။
မြန်မာနိုင်ငံ၏ လူကုန်ကူးမှုဖြစ်စဉ်များကို လေ့လာကြည့်မည်ဆိုလျှင် အဓမ္မအလုပ်စေခိုင်းခြင်း၊ အဓမ္မထိမ်းမြား လက်ထပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ အဓမ္မမွေးစားခြင်းနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့စေခိုင်းခြင်း ဟူသည့် ပုံစံငါးမျိုးဖြစ်ပွားနေသည်။ ၂၀၁၇ ခုနှစ် ကိန်းဂဏန်းများအရ အဓမ္မထိမ်းမြားလက်ထပ်မှု ၆၀ ဒသမ ၁ ရာခိုင်နှုန်း၊ အဓမ္မပြည့်တန်ဆာပြုမှု ၁၇ ဒသမ ၂ ရာခိုင်နှုန်း၊ အဓမ္မအလုပ်စေခိုင်းမှု ၂၀ ဒသမ ၉ ရာခိုင်နှုန်း၊ ကလေးသူငယ် လူကုန်ကူးမှု သုည ဒသမ ၈ ရာခိုင်နှုန်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေမှု ၁ ဒသမ သုည ရာခိုင်နှုန်းဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားရခြင်းမှာ မြန်မာနိုင်ငံသည် အခြားဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ ဝင်ငွေနည်းပါးမှု၊ သဘာဝဘေးအန္တရာယ် ကျရောက်မှု၊ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားမှု စသည့် ဘဝရပ်တည်နိုင်ရန် ခက်ခဲစေသည့် အကြောင်းအရင်းများကြောင့် လူကုန်ကူးမှုများ ဆက်လက်ဖြစ်ပွားနေသည်ကို မြင်တွေ့ရသည်။ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုပြဿနာ အများစုကို ကြည့်မည်ဆိုပါက အိမ်နီးချင်းနိုင်ငံများ အပါအဝင် ဒေသတွင်း နိုင်ငံအချို့၏ ဈေးကွက်လိုအပ်ချက်များနှင့် ချိတ်ဆက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုများကို တိုက်ဖျက်ရန် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းပြီး တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တားဆီးနှိမ်နင်းရေးတပ်ဖွဲ့များဖြင့် စီမံကိန်းရေးဆွဲပြီး အလေးထား တိုက်ဖျက်နေသော်လည်း ပြည်တွင်းတွင် ခိုအောင်းနေသော လူကုန်ကူးသူများကို ဖမ်းဆီးရန်ခက်ခဲခြင်း၊ ပြည်ပနိုင်ငံတွင် ရောက်ရှိနေသော လူကုန်ကူးခံရသူများအား အချိန်မီ ကယ်တင်ရန်ခက်ခဲခြင်း၊ နေရပ်သို့ ပြန်လည်ရောက်ရှိလာကြသော လူကုန်ကူးခံရသူများအတွက် ခိုင်မာသည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်နေခြင်း စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေရသည်။ လူကုန်ကူးခံရမှုများတွင် မြန်မာနိုင်ငံအပါအဝင် အရှေ့ တောင်အာရှနိုင်ငံများမှ အများဆုံးဖြစ်နေသဖြင့် မူရင်းနိုင်ငံ၊ ကြားနိုင်ငံနှင့်ဆိုက်ရောက် နိုင်ငံများအကြား ကြိုတင်ကာကွယ်ရေးဆိုင်ရာ အထူးစီမံကိန်းများကို နိုင်ငံအချင်းချင်းပူးပေါင်း လက်တွဲ၍ လုပ်ကိုင်ဆောင်ရွက်ကြရန် အထူးလိုအပ်လျက်ရှိသည်။ အဓိကမှာ နိုင်ငံအတွင်းဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။ လူကုန်ကူးခံရသူ အများစုသည် အမျိုးသမီးငယ်များ နှင့် ကလေးသူငယ်များဖြစ်၍ ၎င်းတို့အတွက် အခမဲ့ပညာသင်ကြားနိုင်ရေး၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးပြီး အလုပ်အကိုင်များ ဖန်တီးပေးရေးကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ပုံစံအမျိုးမျိုးဖြင့် လူကုန်ကူးခံရသူများမှာ နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းမျှရှိသဖြင့် လူကုန်ကူးခံရသည့် တန်ဖိုးရှိသောလူသားများ နစ်နာမှုမရှိစေရေးအတွက် လူကုန်ကူးသူများကို ဖမ်းဆီးအရေးယူခြင်း၊ လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေးခြင်းများကို ဒေသအလိုက်တိုးချဲ့ဆောင်ရွက်ပေးခြင်းနှင့် ဒေသအလိုက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ဖြစ်ထွန်းလာရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခြင်းတို့ကို အလေးထား ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ