စန်တီယာဂို ၃၀  စက်တင်ဘာ

ချီလီနိုင်ငံ၏ ကမ်းလွန်ပစိဖိတ်သမုဒ္ဒရာတွင်း၌ စက်တင်ဘာ ၂၉ ရက်က ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် လှုပ်ရှားခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ဘူမိတိုင်းတာရေးဌာန (ယူအက်စ်ဂျီအက်စ်)က ပြောကြားသည်။

ယင်းမြေငလျင်လှုပ်မှုကြောင့် လူထိခိုက် သေကျေမှုနှင့် ထိခိုက်ပျက်စီးမှုဖြစ်နိုင်ခြေ နည်းပါးသည်ဟု ယူအက်စ်ဂျီအက်စ်က ပြောကြားသည်။ ချီလီနိုင်ငံ၏ အနောက် တောင်ဘက် ၄၁ မိုင် (၆၆ ကီလို မီတာ)အကွာ တွင် ပြင်းအား ၇ ဒသမ ၂ ရှိ မြေငလျင်လှုပ်ခဲ့ကြောင်း ကနဦးသတင်းများ၌ ဖော်ပြသည်။
ချီလီနိုင်ငံအမျိုးသား မြေငလျင်ဌာန၏ ထုတ်ပြန်ချက်တွင် မြေငလျင်၏ပြင်းအားမှာ ၆ ဒသမ ၆ မဂ္ဂနီကျုဖြစ်ကြောင်း ဖော်ပြသည်။

ယင်းအင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် အခြေခံလုပ်ငန်းများ သို့မဟုတ် အခြေခံအဆောက်အဦများ ပျက်စီးမှုနှင့် ဒဏ်ရာရရှိမှုသတင်းများ ထွက်ပေါ်ခြင်း မရှိကြောင်း ချီလီအမျိုးသားအရေးပေါ်လုပ်ငန်း အဖွဲ့ရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ချီလီနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေငလျင် လှုပ်ခတ်မှု အဖြစ်အများဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံအဖြစ် ပါဝင်သည်။

၁၉၆၀ ပြည့်နှစ်အတွင်းက ချီလီနိုင်ငံ၌ လှုပ်ခဲ့သည့် ဗယ်ဒီဗီယာမြေငလျင်သည် ပြင်းအား မဂ္ဂနီကျု ၉ ဒသမ ၅ အဆင့်ရှိခဲ့ပြီး ယင်းစနစ်ဖြင့် သတ်မှတ်သော ငလျင်ပြင်းအားတွင် အမြင့်မားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ ကြောင်း ယူအက်စ်ဂျီအက်စ်အဖွဲ့က ပြောကြား သည်။


ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-ဇော်ဝင်း