ဆန်တီယာဂို ဇွန် ၂၆

ချီလီနိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှုအစီအစဉ်အောက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ  ၂၂ သန်းကျော်အသုံးပြုပြီးဖြစ်ကြောင်းနှင့် ယင်းကာကွယ်ဆေးပမာဏသည် ချီလီနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးမည့် အရေအတွက်၏ ၆၆ ရာခိုင်နှုန်းကျော်ရှိကြောင်း ချီလီနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက  ပြောကြားသည်။

ချီလီနိုင်ငံသည် လူဦးရေ ၁၅ သန်းခန့်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရန်  ရည်ရွယ်ထားပြီး အဆိုပါလူဦးရေသည် နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ လက်ရှိတွင် ချီလီနိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၂၂၁၁၆၈၆ လုံးအသုံးပြုပြီးဖြစ်ကြောင်းလည်း ချီလီနိုင်ငံ ကျန်းမာရေးဝန်ကြီး အင်းနရစ်ပဲရစ်က ပြောကြားသည်။

လက်ရှိတွင် ချီလီနိုင်ငံ၌ လူဦးရေ ၁၅သန်းအနက် မှ ၈၁ ဒသမ ၄၉ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းနှင့် ၆၆ ဒသမ ၅၈ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးနှစ်ကြိမ်စလုံး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ချီလီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၆၂၈ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၅၃၇၄၇၁ ဦးရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၂၁၅ ဦးထပ်မံ တွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၃၂၀၁၂ ဦးရှိလာကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ ဘာသာပြန် - အလင်းသစ်