ဆန်တီယေဂို ၂၁ ဇန်နဝါရီ
ချီလီနိုင်ငံတွင် ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု ဇန်နဝါရီ ၁၉ ရက်က လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ ဆိုင်ရာ ဆန်းစစ်လေ့လာရေးအဖွဲ့က ယနေ့ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် လူနှစ်ဦး နှလုံးရောဂါဖြင့် သေဆုံးခဲ့ကြောင်း ရဲအရာရှိများက ဆိုသည်။ ငလျင်ဗဟိုချက်သည် ကိုကွမ်ဘိုမြို့ အနောက်တောင်ဘက် ၁၅ ကီလို မီတာခန့်သို့ ဦးတည်လှုပ်ခဲ့ခြင်း ဖြစ်သည်။ ကိုကွမ်ဘိုမြို့မှ အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးတို့သည် ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် နှလုံးဖောက်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါငလျင်ကြောင့် အဝေးပြေးလမ်းမကြီးတစ်လျှောက်တွင် မြေများပြိုကျပြီး လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ကြောင်း ရဲအရာရှိများကဆိုသည်။
ထို့ပြင် ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်ကြေညာ ခြင်းမရှိခဲ့သော်လည်း ကိုကွမ်ဘိုနှင့် ဆီရီနာမြို့များရှိ ပြည်သူများအား ကုန်းမြေမြင့်များဆီသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း လုံခြုံရေးအရာရှိများက ဆိုသည်။
၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ကိုကွမ်ဘိုမြို့၌ ပြင်းအား ၈ ဒသမ ၃ အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် ဆူနာမီရေလှိုင်းများ မြင့်တက်ခဲ့မှုကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရသည်။
အေအက်ဖ်ပီ