၃ ဇွန်
ချီလီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၈၆၈၆ ဦး ရှိပြီး ယင်းရောဂါကြောင့် သေဆုံးသူ ၁၁၈၈ ဦး ရှိသည်ဟု ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်နေ့က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၃၅၂၇ ဦး ရှိလာပြီး ယင်းသို့ ကူးစက်ခံရမှုသည် ချီလီတွင် လွန်ခဲ့သော သုံးလက ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့ပြီးနောက် ကူးစက်ခံရမှု အမြင့်ဆုံး နေ့တစ်နေ့ ဖြစ်လာခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ပြီးခဲ့သည့်နေ့က သေဆုံးသူ ၇၅ ဦး အထက် ရှိသည်။
ချီလီတွင် ကိုဗစ်-၁၉ ကူးစက်မှု စတင်ဖြစ်ပွားချိန်က နည်းပါးခဲ့သော်လည်း မကြာသေးမီက ကူးစက်မှု မြင့်တက်လာခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာသဖြင့် အထူးသဖြင့် လူဦးရေ ခုနစ်သန်း နေထိုင်သည့် မြို့တော် ဆန်တီယာဂိုနှင့် မြို့ကြီးများတွင် အာဏာပိုင်များက ပြီးခဲ့သည့် မေလကုန်ပိုင်းမှ ဇွန် ၅ ရက်နေ့အထိ အသွားအလာ ကန့်သတ်ပိတ်ပင်မှု သက်တမ်းတိုးမြှင့်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို