မြစ်ကြီးနား ဇွန် ၂၃
ချီဖွေ-ဝိုင်းမော်-မြစ်ဆုံ ဓာတ်အားလိုင်း (၁၁၀ ကေဗွီ)နှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များ ခုတ်လှဲနိုင်ရေးနှင့် လျော်ကြေးပေးအပ်နိုင်ရေးအတွက် ဇွန် ၂၃ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်သည့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့် ခြံပိုင်ရှင်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးရာတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကား ပြောကြားပြီး ချီဖွေငယ် ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြစ်ဆုံဓာတ်အားခွဲရုံနှင့် ဝိုင်းမော်မဟာဓာတ်အားလိုင်းခွဲရုံတို့မှ တာဝန်ရှိသူများက ၁၁၀ ကေဗွီ ချီဖွေ-ဝိုင်းမော်-မြစ်ဆုံ ဓာတ်အားလိုင်းရှိ လျှပ်စစ်အန္တရာယ် ကင်းလွတ်မှုမရှိသော သစ်ပင်များနှင့် စပ်လျဉ်း၍ ၂၀၂၂ ခုနှစ် မေလအတွင်း ဓာတ်အားလိုင်းကြံ့ခိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့စဉ် ကောက်ယူရရှိခဲ့သော ဒေသခံ စိုက်ခြံ ပိုင်ရှင်များ၏ နှစ်ရှည်ပင်စာရင်းများ၊ လျော်ကြေးပေးအပ်နိုင်ရေး အပင်အမျိုးအစားအလိုက် သစ်တောဦးစီးဌာန၏ တစ်ဧက သတ်မှတ်ချက်အရ ချီဖွေငယ် ရေအားလျှပ်စစ်ကုမ္ပဏီမှ ခန့်မှန်းတွက်ချက် ထားသော လျော်ကြေးနှုန်းထားများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မန်ဝိန်းကျေးရွာ၊ ဝါရှောင်ကျေးရွာ၊ နောင်ချိန်းကျေးရွာတို့မှ စိုက်ခြံပိုင်ရှင်များက လိုလားချက်များအပေါ် တင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီအဖွဲ့ဝင်များက သုံးသပ်ဆွေးနွေးတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်အဆင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေးနိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)