ချီဖွေ   ၂၄   ဧပြီ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပန်ဝါဒေသ၊ ဆော့လော်နှင့် ချီဖွေမြို့နယ်အတွင်း ဖြတ်သန်းသွားလာမည့် ခရီးသွားပြည်သူများအား ချီဖေွမြို့အထွက် (၄)မိုင် စစ်ဆေးရေးဂိတ်၌ နေ့စဉ် နံနက် ၆ နာရီမှ ည ၆ နာရီအထိ စိစစ်ဆောင်ရွက်လက်ရှိကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ချီဖွေမြို့နယ်သို့ အခြားအနယ်နယ်အရပ်ရပ်မှ ဖြတ်သန်း သွားလာမည့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် လက်သန့်ဆေးရည်ထားရှိခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကား/ ဆိုင်ကယ်များအား ပိုးသတ်ဆေးဖြန်းခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းရေးသွင်းခြင်း၊ နယ်ဝေးမှ ခရီးသွားများကိုလည်း သက်ဆိုင်ရာ ကျန်းမာရေးထောက်ခံချက်များဖြင့် ဖြတ်သန်းသွားလာခွင့်  ကန့်သတ်ခြင်း၊ ကုမ္ပဏီဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာကုမ္ပဏီ တာဝန်ခံ၏ထောက်ခံချက် ပါ/မပါ၊ ယာဉ်မောင်းများအား ခရီးသွားပြည်သူ (၅)ဦးထက် ပိုမိုတင်ဆောင်ခြင်းမပြုရန် စသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းအခမဲ့ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်းများ စနစ်တစ်ကျတပ်ဆင်ရန် ဒေသစကားဖြင့် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ “ကိုယ်အပူချိန်များပြီးသံသယလူနာတွေ့ရှိလာပါက ယာယီထိန်းသိမ်းထားရန် ယခင် ကချင်အထူးဒေသ(၁)၊ ဆေးရုံဟောင်းတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပြီး ထူခြားမှုရှိလာပါက သက်ဆိုင်ရာမြို့နယ်ဆရာဝန်ထံ လွှဲပြောင်းပေးအပ်ရန် စီစဉ်ထားကြောင်း (၄)မိုင်စစ်ဆေးရေးဂိတ် တာဝန်ခံအလွတ်တန်းဆရာဝန် ဒေါက်တာဂျီယိန်းဘောမ် က ပြောကြားခဲ့သည်။

 

ထို့အပြင် စစ်ဆေးအဖွဲ့များအနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကချင်အထူးဒေသ (၁) မှ ပြည်သူ့စစ်များ၊ ဂိတ်တာဝန်ခံ အလွတ်တန်းဆရာဝန်နှင့်အဖွဲ့က နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ၎င်းလမ်းဆုံ ဂိတ်တွင် နေ့စဉ် တာဝန်အလှည့်ကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဇင်မာဝင်း(ပြန်/ဆက်)