ချီဖွေ၊   ၂၄   ဒီဇင်ဘာ 

 

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေမြို့အနီး  ဘာလဲ့ဝမ်ထယ်ကျေးရွာချင်းဆက်လမ်းပေါ်တွင် တည်ရှိသည့် တစ်နိုင်တစ်ပိုင် ဝမ်ထယ်သစ်ကြားသီးစိုက်ခင်းမှ မိသားစုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

 

“သစ်ကြားသီးစိုက်နည်းကတော့ ပထမဦးဆုံး သစ်ကြားသီးအရိုင်းသီး ကောက်ပြီး ပျိုးထားရပါတယ်။ သစ်ကြားသီးအရိုင်းသီးပျိုးပင် တစ်လက်မခန့်လောက်ကြီးလာတဲ့အချိန်မှာ သစ်ကြားသီး အယဉ်ကိုင်း နှင့် ကိုင်းဆက်ပြီး စိုက်ပျိုးရပါတယ်။ ကျွန်တော်တို့တောင်ပေါ်ဒေသမှာတော့ မိရိုးဖလာရွှေ့ပြောင်း တောင်ယာခုတ်ပြီး တောင်ယာခင်းမှာ စပါး၊ ပြောင်း၊ ရာသီပေါ် သီးနှံတွေစိုက်စားကြပါတယ်။ ရာသီပေါ် တောင်ယာစိုက်ခင်းကနေ နှစ်ရှည်ပင်အနနဲ့ ကျွန်တော်က သစ်ကြားသီးပင် စိုက်ခဲ့တာပါ။ ကိုင်းဆက်ပြီး တစ်နှစ် သက်တမ်းရမှ ပြောင်းရွှေ့စိုက်ရပါတယ်။ တစ်ပင်နဲ့တစ်ပင် အနည်းဆုံးပေ (၂၀)လောက်ကွာပြီး စိုက်ရတယ်။ ကိုင်းဆက်ကူးထားတဲ့ အပင်ပြောင်းရွှေ့စိုက်တာ (၅)နှစ်လောက်ဆို အသီးစသီး ပါပြီ” ဟု သစ်ကြားသီး စိုက်တောင်သူ ဦးအက်စ်လန်းဘောမ်က ဒီဇင်ဘာ ၂၃ ရက်က သစ်ကြားပင်စိုက်ပျိုးပုံကို ပြောပြကာ ချီဖွေမြို့ပေါ်တွင် ဝမ်ထယ်စိုက်ခင်းတစ်ခင်းသာ သစ်ကြားသီး စိုက်ပျိုးခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါ ကိုင်းကူးဆက်ပြီး (၅)နှစ်ခန့်ရှိသည့် သစ်ကြားပင်မှ ဧပြီလတွင် သစ်ကြားသီးအပွင့်ပွင့်ကာ မေလ ကုန်ခါနီးတွင် အကင်းသီးစသီးပြီ စက်တင်ဘာလ ပထမပတ်နောက်ပိုင်းတွင် အသီးမှည့်၍ အသီးအာပြီး မြေပေါ်ကျလာသည့်အခါ သစ်ကြားသီးကောက်ယူ၍ စတင်ရောင်းချကာ ၎င်းလုပ်ငန်းမှ မိသားစု ပုံမှန်ဝင်ငွေ ရရှိကြောင်း သိရသည်။

 

ချီဖွေမြို့နယ် ချန်းမော်ခုံးဒေသ ဖီမော်၊ ထန်းဒုံ၊ကန့်ဖန့်၊ ဂလန် အအေးပိုင်းဒေသတွင် အများဆုံး စိုက်ပျိုး ပြီး၊ အအေးကြိုက်သည့် ကိုင်းဆက်နှစ်ရှည်ပင်မျိုးဖြစ်ကြောင်းနှင့် ပန်ဝါဘက်တွင်  တစ်နိုင်တစ်ပိုင် သစ်ကြားသီး စိုက်ပျိုးကြကြောင်း  သိရသည်။

 

နန်းမြင့်(မြို့နယ်ပြန်/ဆက်)