ချီဖွေ ၇ မတ်
မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌ ယခုလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ် မီးလောင်မှု၊ မီးဘေးအန္တရာယ်လုံခြုံစေရန်နှင့် မီးရရှိရေးအတွက် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြုလုပ်မည့်စာစစ်ဌာနသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒု-မီးသတ်ဦးစီးမှူးဦးအောင်ဖြိုးဝေ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူးဦးထွန်းထွန်းနိုင်နှင့် အရံမီးသတ်တပ်ဖွဲ့ဝင် များက ဖြေဆိုမည့်စာစစ်ဌာနတွင် လျှပ်စစ်မီးအသုံးပြုမှုများ၊ မီးဘေးလုံခြုံရေးအတွက် မီးချိတ်၊ မီးကပ်၊ ရေကန်၊ သဲ၊ မီးသတ်ဆေးဘူး ထားရှိမှုအခြေအနေနှင့် ကျောင်းပတ်ဝန်းကျင်အတွင်း သစ်ရွက်ခြောက်များ၊ အမှိုက်များ ရှင်းလင်းထားရှိမှု အခြေအနေကိုလည်းကောင်း၊ ရေလှောင်ကန်များ၌ ရေသိုထားရှိမှုများကိုလည်းကောင်း စစ်ဆေးကြည်ရှုပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြသည်။
ချီဖွေမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထက (ချီဖွေ)၊ အ.ထ.က(ခွဲ)နိုဇွန်ဘော်၊ အ.ထ.က(ပန်ဝါ)၊ အ.ထ.က(ဆော့လော်)ရှိ နယ်အသီးသီးတို့မှ ပြင်ပဖြေဆိုမည့်သူများ အပါအဝင် ကျောင်းသား၊ ကျောင်းသူ ကျား(၆၀)ဦး၊ မ(၆၀)ဦး စုစုပေါင်း (၁၂၀)ဦး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း ဒု-မြို့နယ်ပညာရေးမှုး ဦးကျော်မင်းစိုးထံမှ သိရှိရသည်။
ဇင်မာဝင်း(ပြန်/ဆက်)


