ချီဖွေ ၁၈ နိုဝင်ဘာ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ လန်းယန်ကျေးရွာအုပ်စု၊ လယ်ယာမြေနှင့် ကျေးရွာချင်းဆက် ဆိုင်ကယ်လမ်း(၆)ပေအကျယ် ကုန်ထုတ်လမ်း(၃/၀)မိုင်ဖောက်လုပ်နိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ချီဖွေမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန့်နှင့်အဖွဲ့က အောက်တိုဘာလ(၂၈) ရက်နှင့်(၂၉)ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်ဆိုင်ကယ်လမ်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ငွေလုံးငွေရင်း ရန်ပုံငွေ(ဒေသဖွံ့ဖြိုးရေးအသုံးစရိတ်)ဖြင့် ဆောင်ရွက်မည့် (၆)ပေအကျယ် ကုန်ထုတ်လမ်းကြောင်းအား ဆောင်ရွက်နိုင်ရေး အတွက်မြေပြင်တိုင်းတာ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
လမ်းဆောင်ရွက်ပြီးစီးပါက ချီဖွေမြို့နယ်၊ ငါလုံဒွမ်နှင့် ငါမောဇွပ်ကျေးရွာများ၏ အရှေ့မြောက်ဘက် ငေါ့ချမ်းချောင်း တစ်ဖက်ကမ်းတွင်ရှိသော ယင်ဒမ်၊ ထယ်ထု၊ ဆမ်ဟောက်ကျေးရွာများ ဆက်သွယ်သွားလာ လွယ်ကူစေမည့်အပြင် မိမိဒေသထွက်ကုန်များ တင်ပို့ရောင်းချရာတွင် အထောက်အကူ ပြုလာမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးလယ်ယာမြေများ ထပ်မံတိုးချဲ့ စိုက်ပျိုးလာနိုင်မည်ဖြစ်သဖြင့် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာပြီး အရေးပါသည့်လမ်းတစ်ခုဖြစ်လာနိုင်ကြောင်း ချီဖွေမြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရှိရသည်။
နန်းမြင့်(မြို့နယ်ပြန်/ဆက်)


