ချီဖွေ     ၁၄       ဧပြီ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် (၅)မျိုးအား မြို့ပေါ် ရပ်ကွက် (၃) ရပ်ကွက်ရှိ သက်ဆိုင်ရာ စုရပ်နေရာများတွင် ယမန်နေ့နံနက်  ၁၁ နာရီ က ဒေသခံ ပြည်သူများလက်ဝယ်အရောက် ပေးလှူခဲ့ကြောင်း သိရသည်။


ထို့သို့ ပေးအပ်ရာတွင် ချီဖွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇုံးတိန့် ၊ ထွေ/အုပ် ဌာနခွဲ စာရေးကြီး ဦးအာရ်ခေါင်လွမ်း၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးများက ချီဖွေမြို့ပေါ် ရပ်ကွက် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု (၁၄၄) စုတို့အတွက် အခြေခံ စားသောက်ကုန် (၅)မျိုး အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


“ဧပြီ ၁၀ ရက်နေ့ကစပြီး    နိုင်ငံတော်ကထောက်ပံ့တဲ့ စားသောက်ကုန် (၅)မျိုးကို သက်ဆိုင်ရာတာဝန်ရှိ သူတွေက အဖွဲ့များ ခွဲပြီးဖြန့်ဝေပေးနေတာကြားရတော့ ဝမ်းသာပီတိ ဖြစ်မိတယ်၊ ဒီနေ့ ကျွန်မလက်ဝယ် တကယ်ရတော့လည်း ပိုပြီး ဝမ်းသာရတယ်၊ ဒီစားသောက်ကုန် (၅)မျိုးရတော့ ကျွန်မလို ပုံမှန်ဝင်ငွေ မရှိတဲ့သူတွေအတွက် တကယ်အထောက်ပံ့ဖြစ်ပါတယ်၊ အခုဆို အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ အဆင်မပြေတဲ့အချိန်မှာ ရရှိလာတဲ့  လုပ်အားခကလည်း ကျန်းမာရေးအတွက် ပဲသုံးရမလိုလို ရိက္ခာ အတွက်ပဲ သုံးရမလို ဖြစ်နေတဲ့အချိန်မှာ အခုလိုထောက်ပံ့လှူဒါန်းပေးတဲ့အတွက် ပိုပြီး အဆင်ပြေကြောင်း” ဒေသခံပြည်သူ ဒေါ်နန်အောင်က ပြောကြားသည်။
လှူဒါန်းမှုတွင် ကျန်ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား  စာရင်းအလိုက် တာဝန်ရှိသူများက အဖွဲ့များခွဲ့ကာ

ဆက်လက် ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း သိရှိရသည်။

 ဇင်မာဝင်း(ပြန်/ဆက်)