ချီဖွေ ဇွန် ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရန်အတွက် စျေးရောင်း/ စျေးဝယ် မိဘပြည်သူများအား Mask များ စနစ်တကျ တပ်ဆင် သွားလာစေရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ Mask Campnig ကို ဇွန် ၂၆ ရက် နံနက် (၆) နာရီက မြို့နယ်စည်ပင်သာယာစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ချီဖွေမြို့နယ် စည်ပင်သာယာစျေးအတွင်းရှိ စျေးဝယ်ပြည်သူများနှင့် စျေးရောင်းချနေသည့် ပြည်သူများ၊ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ရှိ ပြည်သူများအား နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်ရောင်းဝယ်ရေးနှင့် နေအိမ်အပြင်ထွက် သွားလာပါက ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask များကို ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ထို့ပြင် ချီဖွေမြို့နယ်အနေဖြင့် ချီဖွေ - မြစ်ကြီးနား လမ်းပိုင်း ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းအဖြစ် မြို့အဝင်စုပေါင်းကျန်းမာရေး စစ်ဆေးဂိတ်အား ဇွန် (၂၁) ရက်မှ ပြန်လည်ဖွင့်လှစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ်စေရေး မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
အသိပညာပေး Mask Campaign ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ရပ်ကွက်စာရေးများ၊ မြို့နယ်အမျိုးသမီးရေးရာ/ မိခင်ကလေး စောင့်ရှောက်ရေး အဖွဲ့တို့ပူးပေါင်း၍ ပြည်သူများအား ပါးစပ်နှာခေါင်းစည်း Mask (၃၀၀) ခု အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချီဖွေ(မြို့နယ်ပြန်/ဆက်)


