ချီဖွေ ၁၁ မတ်
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းမှ စတင်ဖြေဆိုလျက်ရှိရာ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေး စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

နယ်ဝေးမှ လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများ တည်းခိုနေထိုင်ရာ အမက(ဥက္ကပ်)၊ အမက(ဘာလဲ့)၊ စစ်ရှောင်စခန်း(၂) နှင့် အထက (ချီဖွေ) ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦးအား သွေးပေါင်ချိန်ပေးခြင်း၊ အဖျားတိုင်းခြင်းနှင့် လိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်ပေးခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများ ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကာကွယ်ခြင်းနှင့် ကျန်းမာရေး ကောင်းမွန်စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဒေါက်တာလင်းလင်းထွန်းထံမှ သိရှိရသည်။
ဇင်မာဝင်း (ပြန်/ဆက်)
