နေပြည်တော် ၁ မတ်
ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်ရာတွင် ခြံမြေနစ်နာမှုနှင့် သီးနှံပင်များအတွက် လျော်ကြေးပေးရန် ကျန်ရှိနေသူများအား ကွဲလွဲနေသော စာရင်းများကို ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဌာနများ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ကုမ္ပဏီများ ပူးပေါင်းပြီး စာရင်းပြန်လည် ညှိနှိုင်းစစ်ဆေးကာ သဘောတူညီချက်များ ရရှိပြီးနောက် ပေးလျော်ရန် တာဝန်ရှိသည်များကို ဆက်လက်ပေးလျော်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောသည်။
“ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်ခဲ့သည့် CPI ကုမ္ပဏီမှ ဒေသခံတောင်သူများ၏ ခြံမြေနစ်နာမှုနှင့် သီးနှံပင်များ လျော်ကြေးပေးရန် ကျန်ရှိနေသူများကို ကုမ္ပဏီမှ မည်သည့်အချိန်တွင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍” ချီဖွေမဲဆန္ဒနယ်မှ ဦးဇုံးတိန့်၏ မေးမြန်းမှုကို ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က “ယခုအခါမှာ ပေးလျော်ရန် ဆက်လက်ကျန်ရှိနေသည့် အဓိက အချက်များမှာ မြေပြင်အတိုင်းအတာတွင် တောင်းဆိုချက် စာရင်းများနှင့် အကျယ်အဝန်းများ၊ ဧကများကွဲလွဲနေခြင်း၊ အပင်အရေအတွက်များ စာရင်းကောက်ယူခဲ့မှုနှင့် လျော်ကြေးတောင်းဆိုသည့် တောင်သူများက တောင်းဆိုလာသည့် အပင်အရေအတွက်များ ကွဲလွဲနေခြင်း၊ သက်ဆိုင်သူမဟုတ်သည့် ပုဂ္ဂိုလ်များက တောင်းဆိုနေခြင်း စသည့် စာရင်းများကွဲလွဲနေသည့် အတွက်ကြောင့် လျော်ကြေးများသည် ဆက်လက်ကျန်ရှိနေခြင်း ဖြစ်ကြောင်း။
စာရင်းများကို တိုက်ဆိုင်စစ်ဆေးရာတွင် ထပ်တိုးတောင်းခံလာမှုများနှင့် ကွဲလွဲမှုဖြစ်နေသည့် အခြေအနေများကြောင့် လက်ရှိအခြေအနေတွင် လျော်ကြေး အပြီးအပြတ်ပေးချေပြီး နောက်ထပ် ငါးဦး၊ လျော်ကြေးပေးချေပြီးသော်လည်း ထပ်တိုး တောင်းခံနေသည့် တောင်သူ ၁၃ ဦး၊ လျော်ကြေးပေးချေရန် ကျန်ရှိသည့် တောင်သူ ၃၇ ဦးနှင့် ကွင်းဆင်းစစ်ဆေးရာတွင် စာရင်းတွင် မပါရှိသည့် တောင်းခံနေသူ တောင်သူနှစ်ဦးတို့ ရှိနေသည်ကို စာရင်းပေါ်ပေါက်နေကြောင်း၊ ၎င်းကိစ္စရပ်များကို ဆက်လက်ဖြေရှင်းနိုင်ရေးအတွက် ကုမ္ပဏီနှင့် မူလသဘောတူစာချုပ် ချုပ်ထားသောသူများကို ပေးလျော်ရန် ကျန်သည့် ငွေများအား ကုမ္ပဏီက ဆက်လက်ပေးလျော်ရန် တာဝန်ခံမည်ဖြစ်ကြောင်းကို ဝန်ကြီးဌာနထံ တင်ပြခဲ့ပါကြောင်း။
သို့သော် မူလသဘောတူထားသည့် လျော်ကြေးပမာဏထက် ယခုအခါ အဆိုပါပုဂ္ဂိုလ်များက သဘောတူစာချုပ် ချုပ်ထားသည့်တိုင် လျော်ကြေးငွေများကို တိုးမြှင့်တောင်းခံနေခြင်းကြောင့်လည်း ကိစ္စရပ်များ မပြီးပြတ်ခြင်း ဖြစ်ပေါ်နေပါကြောင်း၊ ကွဲလွဲနေသော စာရင်းများကို ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဌာနများ၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကုမ္ပဏီများ ပူးပေါင်းပြီး စာရင်းပြန်လည်ညှိနှိုင်းစစ်ဆေးကာ သဘောတူညီချက်များ ရရှိပြီးနောက် ပေးလျော်ရန် တာဝန်ရှိသည်များကို ဆက်လက်ပေးလျော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
MDN
Source: Pyithu Hluttaw FB