ချိန်းဆောဖြင့် သစ်ပင်ဖြတ်လှဲစဉ် ပင်စည်ဖြင့်ရိုက်မိ၍ လူတစ်ဦးသေဆုံး

ဆော ၁၅ ဖေဖော်ဝါရီ

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လယ်ရင်းကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့က လူတစ်ဦး သစ်ပင်ပိသေဆုံးခဲ့ကြောင်း ဆောမြို့မရဲစခန်းမှ သိရသည်။ 

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့် သစ်ပင်ပိ၍ လူတစ်ဦး သေဆုံးသွားကြောင်းသတင်းအရ ဆောမြို့မရဲစခန်းမှ ဒုရဲအုပ် သန့်ဇင်အောင် သွားရောက် စစ်ဆေးခဲ့ရာ ဆောမြို့နယ်၊ လယ်ရင်းကျေးရွာအရှေ့ဘက် ဒေသအခေါ်( ဦးစွန်းတောင်)တွင် ရှမ်းလေး(ခ)ချိုဝင်းသည် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးနေပြီး ဝင်းရွှေတွင်လည်း ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိထားသည်ကိုစစ်ဆေးတွေ့ရှိခဲ့သည်။

 

ဖြစ်စဉ်အားစုံစမ်းခဲ့ရာ ရှမ်းလေး(ခ)ချိုဝင်း၊ဝင်းရွှေ နှင့် ရာငြိမ်းတို့ သုံးဦးသည် ချိန်းဆောဖြင့် လုံးပတ်(၅)ပေ၊အရှည်(၂၅)ပေရှိ ယင်းမာပင်များ ဖြတ်လှဲစဉ် ပင်စည်ဖြင့် ရိုက်မိသဖြင့် ဒဏ်ရာရသေဆုံးခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးသိရှိခဲ့၍ ရာငြိမ်းပါ(၃)ဦးအား ဆောမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

 

ကျော်ဇေယျ