ချိန်ချိန်ဆဆနဲ့ အရောင်းအဝယ်ဖြစ်နေရတဲ့ ရန်ကုန်ကားဈေးကွက်

မင်းသော်

စာရွက်စာတမ်းများကို စစ်ဆေးသည့်အချိန်တွင် ရင်ခုန်နေရပြီး အရောင်းအဝယ် (ပွဲ) ဖြစ်ပြီး တစ်ပတ်လောက်ကြာသည်အထိ မိမိရောင်းချပေးလိုက်သည့် ကားက အဆင်ပြေရဲ့လား ဆိုသည့်အတွေးကို ကားတစ်စီး အရောင်းအဝယ်ဖြစ်ပြီးတိုင်း ခံစားနေရသည်ဟု ကားဝယ်ရောင်း ကိုကျော်ဇေယျာဝင်းက ဆိုသည်။

ကားလောကက တော်တော်လေးကို နှလုံးရောဂါရနိုင်တဲ့ စီးပွားရေးတစ်ရပ်ပါပဲ”ဟု သူက ဆိုသည်။ ကားစစ်ဆေးပြီးချိန် အရောင်း စာချုပ်ကြီး ချုပ်ဆိုပြီးသည့် နောက်ပိုင်းအထိ ကားတစ်စီး၏ နောက်ကွယ်က ပြဿနာများစွာသည် ဝယ်ရောင်းတို့ ဖြေရှင်းပေးရတတ်ကြသည့် အမှုကိစ္စတို့တွင် ပါဝင်သည်။ လက်ရှိအချိန်တွင် မူဝါဒ အသစ်တို့ကို စောင့်ဆိုင်းရင်းက ဝယ်သူစိတ်ကြိုက် ဂျပန်တစ်ပတ်ရစ်ကားများသည်လည်းကောင်း၊ စတိနံပါတ် ကားများသည် လည်းကောင်း၊ ပြည်တွင်းတပ်ဆင်ထုတ်လုပ်သည့် ကားသစ်ကြီးများသည် လည်းကောင်း အသီးသီးအရောင်းအဝယ် ဖြစ်နေကြသော်လည်း ၂၀၁၉ ခုနှစ်သည် ကားဈေးကွက်အတွက် ရင်ခုန်ဖွယ်ရာ မကောင်းဟုသာ ကိုကျော်ဇေယျာဝင်းက သူ့အတွေ့အကြုံကို မျှဝေသည်။

တစ်ပတ်ရစ်ကားများကို ပို၍ စိတ်ဝင်စားနေ

လက်ရှိတွင် ရန်ကုန်ဝယ်လက်အများစုသည် တစ်ပတ်ရစ်ကားများထက် အသစ်စက်စက် ကားသစ်များကိုသာ ပိုမိုစိတ်ဝင်စားမှု ဦးတည်လာနေသည်ဟု ကားဝယ်ရောင်း အများစုက ဆိုသည်။ သို့သော် နယ်ဝယ်လက်အများစုနှင့် မော်တော်ယာဉ်နှင့် နီးစပ်မှုအားနည်းသေးသည့် အသိုင်းအဝိုင်း အများစုမှာမူ တစ်ပတ်ရစ်ကားများကို ပို၍ စိတ်ဝင်စားနေကြဆဲဟု သိရှိရသည်။

ဈေးကွက်ဝေစုက ကွဲပြားသွား

“ဒီတစ်ပတ်ကတော့ ကျောင်းတွေ၊ ရုံးတွေလည်း ပြန်ဖွင့်ရက်ဖြစ်တယ်ဆိုတော့ အရောင်းအဝယ် ပြန်လိုက်လာတယ်လို့ ပြောရမယ်။ ဒါပေမယ့် အရင်လို ဈေးကွက်ကတော့ မပေါတော့ဘူး။ အရင်တုန်းက လူတစ်ယောက် ကားတစ်စီးဝယ် မယ်ဆိုရင် ဘယ်သူနဲ့ အရောင်းအဝယ်ဖြစ်သွားတယ်။ ဈေးကတော့ ဘယ်လိုဖြစ်သွားတယ် ဆိုတာကအစ အချင်းချင်းတော့ သိနေကြတယ်။ အခုတော့ အဲဒီလိုမဟုတ်ဘူး။ ဝယ်ရောင်းနဲ့ပွဲစားတွေကလည်း နယ်တွေဆင်းပြီး အရောင်း ဈေးကွက်ရှာကြရတယ်။ ဒါတွေက ဂျပန်တစ်ပတ်ရစ်ကားဈေးကွက်မှာ အတော်လေး မြင်တွေ့ရတယ်။ ဂျပန်ကားတွေက အကြမ်းခံတယ်။ စီးရတာပိုပြီး ယုံကြည်မှုရှိတယ်လို့ တွေးကြသူတွေရှိသလို ကားသစ်တွေက ပိုပြီးစိတ်ချရတယ်။ ဈေးကလည်း သိပ်မကွာဘဲ ယုံကြည်စိတ်ချရတဲ့ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ပြည်တွင်းမှာရှိတယ်။ ပြုပြင်ရပိုပြီးလွယ်နိုင်မယ်။ အရစ်ကျဝယ်ဖို့ ပိုပြီးအားသာချက်တေ ရှိတယ်ဆိုပြီး ဈေးကွက်ဝေစုက ကွဲပြားသွားတယ”ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုသစ္စာကလည်း ပြောသည်။

အသစ်ကိုရွေးချယ်လိုကြသူ ပိုမိုများလာ

ထို့ပြင် ဂျပန်တစ်ပတ်ရစ်များ၏ အားနည်းချက်မှာ ပုံပြောင်း၊ အလုံးချိန်းဟူသည့် ယာဉ်ပြုပြင် ပြောင်းလဲမှုဆိုင်ရာ ပြဿနာများကိုလည်း ကြုံတွေ့ရနိုင်ခြင်းကြောင့် အသစ်ကိုရွေးချယ်လိုကြသူ ပိုမိုများလာနေကြသည်ဟု သိရှိရပြီး ရန်ကုန်လိုင်စင် စနစ်၊ ဝယ်ယူအသုံးပြုမှုစနစ်နှင့် နယ်လိုင်စင်ကားများကို ဝယ်ယူပါက ရန်ကုန်တွင် ဘယ်လိုအခွန်အခမျိုးနှင့် ကြုံရနိုင်သလဲဟူသည့် အတွေးစများကြောင့်လည်း ဂျပန်ကားဈေးကွက်သည် အရောင်းအဝယ် အားနည်းနေကြရခြင်းဖြစ်ကြောင်း သိရသည်။

အတော်များများကို နေရာယူထား

“ဒီရက်ပိုင်းမှာရန်ကုန်လိုင်စင် စနစ်သစ်ကို ချထားပေးမယ်ဆိုပြီး အသံတွေ ထွက်နေပါတယ်။ အခုထိတော့ ဘာမှမထူးခြားသေးပါဘူး။ နံပါတ် မတပ်ရသေးတဲ့ စတိနံပါတ် ကားလေးတွေအတွက် မျှော်လင့်ချက်တွေလည်း ဖြစ်လာနိုင်သလို ကားဝယ်စီးဖို့ အားခဲနေကြသူတွေအတွက်လည်း စောင့်ကြည့်နေတဲ့အနေအထားပါ။ အစည်းအဝေးတွေလည်း ဆက်တိုက်ကျင်းပနေတာတော့ တွေ့ရပါတယ်။ လက်ရှိမှာ အရောင်းအဝယ်ဖြစ် နေတာတွေက ဈေးကွက်ထဲက ဝေစုတော်တော်များများကို ကိုင်ထားကြတဲ့ လုပ်ငန်းကြီးလုပ်သူတွေမပါသေးဘူး။ ကြိုက်ရောင်း ကြိုက်ဝယ်သမားတွေ များပါတယ်။ ကားအရောင်းအဝယ်ဈေးကွက် အတော်များများကို နေရာယူထားတဲ့ လုပ်ငန်းရှင်တွေကတော့ ငြိမ်နေတုန်းပဲ။ မူဝါဒအပြောင်းအလဲ ကို စောင့်ကြည့်နေကြတယ်” ဟု ကိုသစ္စာက ပြောသည်။

စောင့်ကြည့်ပြီးမှပဲ ဝယ်သင့်

သက်တမ်းနှစ် ၂၀ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုစလစ် ဈေးနှုန်းမှာ ငွေကျပ်သိန်း ၁၃၀ နှင့်အထက်တွင် တန့်နေပြီး ဈေးကွက်အတွင်း မှန်းဆရ ခက်ခဲနေကြောင်းလည်း သိရှိရသည်။ “စောင့်ကြည့်နေရတုန်းပဲ။ ဒီအချိန်မှာ ကားဝယ်မယ့်သူတွေကိုတော့ အကြံတစ်ခုပေးချင်တယ်။ အလောတကြီး ကားမဝယ်စေချင်သေးဘူး။ မူဝါဒ အသစ်တစ်ရပ်ကိုလည်း စောင့်စေချင်တယ်။ လပိုင်းလောက် စောင့်ကြည့်ပြီးမှပဲ ဝယ်သင့်တယ်။ ဒီအချိန်က စောင့်ကြည့်သင့်တဲ့အချိန်ပါ” ဟု ကိုကျော်ဇေယျာဝင်းကလည်း ပြောသည်။

ကားအရောင်းပြပွဲ ကျင်းပသွားရန်ရှိ

ထို့ပြင် ယခုလကုန်ရက်များအတွင်း ကားအရောင်းပြပွဲတစ်ရပ်ကို ကျင်းပသွားရန်ရှိပြီး နာမည်ကျော် ကားအမှတ်တံဆိပ်များဖြစ်သည့် မစ်ဆူဘီရှီ၊ ဖို့ဒ်၊ ဘီအမ်ဒဗလျူ၊ မာဇဒါ၊ ချဲဗ်လပ်၊ မာစီဒီးစ်၊ တိုယိုတာ၊ ဆူဇူကီး၊ ဟွန်ဒိုင်းအစရှိသည့် ကားသစ်များ ပြသရောင်းချသွားမည်ဖြစ်ခြင်းကြောင့် အများစုသော ဝယ်လက်များနှင့် ကားဝယ်ရောင်းများ အားလုံးကလည်း စောင့်ကြည့်နေကြသေးကြောင်း မြင်တွေ့ရသည်။ “မဖြစ်မနေ ရောင်းဝယ်နေကြတာက အင်ဂျင်ပါဝါနိမ့် ကားတွေပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ငွေကျပ်သိန်း ၁၈၀ ကနေ ၂၈၀ ကြားသုံးနိုင်တဲ့ ကားလေးတွေဖြစ်ပါတယ်” ဟု ကိုသစ္စာက ပြောသည်။

မြန်မာ့အလင်း

mdn