ခိုလမ်၊ ပုသိမ်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၅  ဖေဖော်ဝါရီ

မူးယစ်တပ်ဖွဲ့စု (၂၇) လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းက နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ ခိုလမ်-ကျိုင်းတောင် ကားလမ်း၊ မဟာဗောဓိ နှီးဘုရားရှေ့တွင် ခေမိန္တ (ခ) အိုက်ဆာ မောင်းနှင်လာ သောယာဉ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၇၀ နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ခိုလမ်မြို့၊ အမှတ် (၆) ရပ်ကွက်၊ အမှတ် (၆/၅၆) နေ စိုင်းတေမိ၏ နေအိမ်ကို ရှာဖွေရာ မော်တော်ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ယင်းနေ့နံနက် ၅ နာရီက မူးယစ်တပ်ဖွဲ့စု (၁၇) မန္တလေး (မြောက်ပိုင်း) မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် ခရီးသည်တင် မှန်လုံယာဉ်ကို ရှာဖွေရာ ခရီးသည် ဆယ်ဟောင်း၏ဆောင်းဘောက် ၂ လုံးအတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၃၀၅ ကီလို၊ ငွေကျပ် ၁၂၀,ဝ၀ဝနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ကိုရဲ)