ခြူးစန္ဒီနွေး

လွန်ခဲ့တဲ့လေးနှစ်နီးပါးခန့်ကဆိုရင် ဂျာမနီနိုင်ငံမှာ ဒုက္ခသည်တစ်သန်းနီးပါးကို ကြိုဆိုလက်ခံပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျာမနီနိုင်ငံဟာ ဒုက္ခသည်တွေကို လုံးဝလက်မခံတော့ဘဲ ခိုလှုံသူအဖြစ်လျှောက်ထားခွင့်ကိုလည်း တိတ်တဆိတ်ပဲ ပိတ်ပစ်လိုက် ပါတယ်။ နောက်ပြီး နေရပ်ကို ပြန်ပို့မှုတွေလည်း များလာပါတယ်။

သိသိသာသာလျော့ကျ
လွန်ခဲ့တဲ့နှစ်တွေတုန်းက ဥရောပကိုခိုလှုံသူတွေအဖြစ် ဝင်ရောက်မှုတွေ အများအပြားရှိခဲ့ပေမယ့် အခုအခါမှာတော့ တဖြည်းဖြည်းချင်း ကျဆင်းလာခဲ့ပါပြီ။ ၂၀၁၅ ခုနှစ် ဒုက္ခသည်တွေ ဝင်ရောက်လာမှု အများဆုံးဖြစ်ခဲ့ပြီး အဲဒီနောက်မှာတော့ ဥရောပ ကိုဝင်ရောက်လာတဲ့ ဒုက္ခသည်ရာခိုင်နှုန်းဟာ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အဆိုအရ သိရပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ဂျာမနီ ပြည်ထဲရေးဝန်ကြီး ဟိုရက်စီဟိုဖာက ၂၀၁၈ ခုနှစ်အတွင်း ဂျာမနီနိုင်ငံမှာ ခိုလှုံသူအဖြစ် လျှောက်ထား မှုပေါင်း ၁၈၅၀ဝဝ ရှိခဲ့တယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ်က ထက်စာရင် ၁၇ ရာခိုင်နှုန်းနီးပါး လျော့ကျသွားတာ ဖြစ်တယ်။ ၂၀၁၅ ခုနှစ်ကဆိုရင် ခိုလှုံသူအဖြစ် တောင်းခံမှုပေါင်း ၈၉၀ဝဝဝ ခန့်ရှိခဲ့တဲ့အတွက် ကြောင့် အခုဆိုရင် သိသိသာသာကို လျော့ကျလာ ပြီပဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အခုဆိုရင် ထိန်းချုပ်ထားမှုတွေအောက်မှာ ပြဿနာတွေ ရှိနေပါတယ်။ အရာအားလုံးကို အစီအစဉ်အတိုင်း ပြန်ဖြစ်ဖို့ လုပ်ဆောင်ရမှာပဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်နှင်ဒဏ်ပေးမယ်
“တကယ်တမ်း ထိခိုက်ခံစားရသူတွေကို ကာကွယ်စောင့်ရှောက်မှုတွေပေးဖို့ ကျွန်တော်တို့ ကမ်းလှမ်းမှုတွေလုပ်ခဲ့ပါတယ်။ တကယ်တမ်း ဒုက္ခရောက်နေသူတွေကိုသာ ခိုလှုံသူအဖြစ် လက်ခံမှာဖြစ်ပြီး ခိုလှုံသူအဖြစ် သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီမှုမရှိဘူး။ အကာအကွယ်ပေးဖို့ မလိုအပ်ဘူးဆိုရင်တော့ ပြည်နှင်ဒဏ်ပေးတာတွေ လုပ်ဆောင်သွားမှာပါ။ အခုဆိုရင် ဂျာမနီညွန့်ပေါင်း အစိုးရသတ်မှတ်ထားတဲ့ သတ်မှတ်ချက်ထက် တောင်ကျော်လွန်ပြီး ဒုက္ခသည်တွေကို လက်ခံခဲ့တာပါ” လို့ ဂျာမနီပြည်ထဲရေးဝန်ကြီးက ဂုဏ်ယူစွာပဲ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ခိုလှုံသူအဖြစ် လျှောက်ထားသူ ရာခိုင်နှုန်း ကျဆင်းလာပြီး နေရပ်ကို ပြန်ပို့မှုတွေကတော့ များလာပါတယ်။ ဂျာမနီ ပြည်ထဲရေးဝန်ကြီး ပြောသွားတဲ့အထဲမှာ ခိုလှုံသူ အဖြစ် လျှောက်ထားသူနည်းလာပြီး နေရပ်ပြန်ပို့ တာတွေများလာတာကိုတော့ ထည့်သွင်းပြောသွားတာမျိုး မရှိခဲ့ပါဘူး။ လက်ဝဲယိမ်း ပါတီတွေက အမတ်တွေရဲ့ မေးခွန်းကိုပြန်ဖြေရာမှာတော့ နေရပ်ကိုပြန်ပို့တဲ့ အရေအတွက်ဟာ တစ်နှစ်ကို ၂၀ဝဝဝ ခန့်ရှိပြီး ဂျာမနီကို ရောက်ရှိလာတဲ့ အရေအတွက်ကတော့ ကျဆင်းလာပြီပဲ ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ဘယ်သူမှတာဝန်မယူချင်
မနှစ်တုန်းကလည်း ဂျာမနီဟာ လူပေါင်း ၈၀ဝဝ ခန့်ကို သူတို့နေရပ်ကနေ ထွက်ခွာပြီး ဦးစွာရောက်ရှိခဲ့တဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဆီ ပြန်ပို့ခဲ့ပါတယ်။ ပြည်နှင်ဒဏ်ပေးတဲ့ လူဦးရေ အရေအတွက်ကို ကြည့်မယ်ဆိုရင် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ ခိုလှုံသူအဖြစ်ဝင်ရောက်လာတဲ့ လူတွေကို ဘယ်သူကတာဝန်ယူရမယ်ဆိုတာကို အချင်းချင်း ဝေပုံမကျဖြစ်နေတာ ကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဒုက္ခသည်အဖြစ် ဝင်ရောက်လာသူ ၃၀ ရာခိုင်နှုန်းခန့်ကို အီတလီသို့ ပြန်ပို့လိုက်ပါတယ်။ ဂရိဟာ ဆိုရင်လည်း ဂျာမနီကတောင်းဆိုထားတဲ့ ဒုက္ခသည် လွှဲပြောင်းလက်ခံရေးကို ငြင်းဆိုထားပါတယ်။ ဟန်ဂေရီကဆိုရင် တစ်ဦး တလေတောင် လက်မခံပါဘူး။ ဒီအချက်အလက်တွေကို ကြည့်မယ်ဆိုရင် ၂၀၁၅ ခုနှစ်တုန်းက ဒုက္ခသည်တွေကို ကြိုဆိုလက်ခံ တာနဲ့ တခြားစီဖြစ်နေပါပြီ။

ဆန္ဒပြပွဲတွေပေါ်ပေါက်လာ
အဲဒီအချိန်ကစလို့ ဂျာမနီမှာ ဒုက္ခသည်တွေ လက်ခံမှုကို ဆန့်ကျင်တဲ့ပါတီဖြစ်တဲ့ အေအက်ဖ်ဒီပါတီဟာ ထောက်ခံမှုတွေ အများကြီးရှိလာပါတယ်။ ဂျာမနီမှာ လက်ခံထားတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ ပါဝင်ကျူးလွန်တဲ့ ရာဇဝတ်မှုအချို့ကြောင့်လည်း အေအက်ဖ်ဒီပါတီကို ထောက်ခံသူတွေ များလာခဲ့ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ၂၀၁၅-၂၀၁၆ ခုနှစ် နှစ်သစ်ကူးညမှ ဂျာမနီ နိုင်ငံကိုလိုဂျင်မြို့မှာ အမျိုးသမီးအချို့ကို မြောက်အာဖရိက အမျိုးသားအုပ်စုက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေပြုလုပ် ခဲ့တဲ့အတွက် ဒုက္ခသည်တွေကို ဆန့်ကျင်တဲ့လူတွေ ပိုများလာခဲ့ပါတယ်။ လွန်ခဲ့တဲ့နွေရာသီတုန်းကလည်း ဂျာမနီ နိုင်ငံအရှေ့ပိုင်း ချန်မနစ်ဇ်မြို့မှာ ဒေသခံတစ်ဦး ဓားထိုးခံရပြီးနောက် လမ်းမထက်မှာဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဓားထိုးမှု ကျူးလွန်ခဲ့တဲ့ သူတွေကတော့ ရွှေ့ပြောင်းဒုက္ခသည်နှစ်ဦး ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်လည်း မကျေနပ်မှုတွေ ပိုမိုများလာ ခဲ့ပါတယ်။

မဲတွေဆုံးရှုံးလာ
လူထုရဲ့တုံ့ပြန်မှုတွေ များလာတဲ့အခါ လူဝင်မှုကြီးကြပ်ရေးအပေါ် တင်းကျပ်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ အင်ဂျလာမာကယ်ရဲ့ CDU ပါတီရယ်၊ CSU  ပါတီတို့ဟာ ပြည်ထဲရေးဝန်ကြီးစီဟိုဖာရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါလာခဲ့ပါတယ်။ သို့ပေမယ့် လူဝင်မှု ကြီးကြပ်ရေးကို တင်းကျပ်တဲ့ ပါတီဟာ လူထုရဲ့ ထောက်ခံမှုကိုရလိမ့်မယ်လို့တော့ တစ်ထစ်ချတွက်ထားလို့မရပါဘူး။ စီဟိုဖာကတော့ ရွှေ့ပြောင်းနေထိုင်သူများ မဟာအစီအစဉ်ဆိုပြီး ရှေ့ကနေဦးဆောင်ပြီး လုပ်စရာရှိတာတွေ လုပ်ဆောင် နေပါတယ်။ တစ်ချိန်တည်းမှာပဲ CSU ပါတီဟာ မဲတွေဆုံးရှုံးလာခဲ့ပါတယ်။

လုံခြုံတဲ့ နိုင်ငံစာရင်းသတ်မှတ်
ပီးခဲ့တဲ့ သီတင်းပတ်မှာပဲ ဂျာမနီ အောက်လွှတ်တော်မှာ မော်ရိုကို၊ အယ်ဂျီးရီးယား၊ တူနီးရှား၊ ဂျော်ဂျီယာ နိုင်ငံတို့ကို လုံခြုံစိတ်ချရတဲ့ နိုင်ငံတွေစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ အဲဒီ နိုင်ငံကလာတဲ့ လူတွေဟာ ဒုက္ခသည်အခွင့်အရေး နဲ့ခိုလှုံသူ အဖြစ် လျှောက်ထားဖို့ဆိုတာ အရင်လိုလွယ်ကူမှာ မဟုတ်တော့ပါဘူး။ ၂၀၁၇ ခုနှစ်မှာ အဆိုပါနိုင်ငံတွေကနေ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် တောင်းခံသူ ၁၅၀ဝဝ ခန့်ရှိခဲ့ပြီး အဲဒီထဲက ခုနစ်ဦးကိုသာ ခိုလှုံခွင့် ပေးခဲ့ပါတယ်လို့ ဂျာမနီ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ အကြမ်းဖျင်းအားဖြင့် အဲဒီနိုင်ငံတွေက လူ ၃၀ဝ နီးပါးခန့်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီ ကာကွယ်ပေးမှုတွေ ပြုလုပ်ပေးထားခဲ့ပါတယ်။ အခု အဲဒီနိုင်ငံတွေကို လုံခြုံစိတ်ချရတဲ့ နိုင်ငံတွေစာရင်းမှာ သွင်းလိုက်ပြီဆိုတော့ ဒီလူတွေလည်း အခွင့်အရေး မရတော့ပါဘူး။

အရှိန်အဟုန်မြှင့်ဆောင်ရွက်
ပြည်ထဲရေးဝန်ကြီးက ဒုက္ခသည်အဖြစ် လျှောက်ထားမှုတွေမှာ အမျိုးအစားပြန်လည် ခွဲခြားမှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ် ဆိုပေမယ့် Green  ပါတီက ခိုလှုံသူအရေး ဆောင်ရွက်ပေးနေတဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် လူစီကတော့ ဒီကိစ္စကို သဘောမတူပါဘူး။ အခုဆိုရင် နယ်နှင်ဒဏ်ပေးတဲ့ အရေအတွက်ဟာလည်း ပိုပိုပြီးများလာပါတယ်။ ဥပမာအားဖြင့် ဂျာမနီနိုင်ငံမှာ အနှစ် ၃၀ လောက်နေလာတဲ့သူဟာ ဂျာမနီအမျိုးသားတစ်ဦးနဲ့ လက်ထပ်မယ်။ ပြီးတော့ ဂျာမနီကလေးတစ်ဦး မွေးဖွားလာမယ်။ ဒါဆိုရင် ဗီဇာရဖို့အတွက် နောက်တစ်ကြိမ် အခွင့်အရေးရလာမယ်။ ဒါဟာ ငွေအင်အား၊ လူအင်အား အစရှိတဲ့ အရင်းအမြစ်တွေကို သက်သက်ဖြုန်းတီးနေတာပဲလို့ ရွှေ့ပြောင်းအခြေချနေထိ်ုင်သူများအတွက် ရှေ့နေတစ်ဦးဖြစ်သူ ဖိလစ်က ပြောပါတယ်။

စရိတ်တွေပြုန်းတီး
ဒီမှာမေးခွန်းကတော့ နယ်နှင်ဒဏ်ပေးမှုတွေကို ရေရှည်မှာဘယ်လောက်ထိ ဆက်လုပ်သွားမှာလဲ။ ဘာလို့လဲဆိုရင် နောက်ပိုင်း မှာ ဘဏ္ဍာရေးအရရော၊ လူအင်အားအရပါ ကုန်ကျစရိတ်တွေ များလာမှာပါ။ ပတ်စ်ပို့အသစ်အစားထိုးတာတွေ လုပ်လာရမှာ ရှိသလို၊ တရားမဝင်နေထိုင်နေတဲ့ လူတွေကိုလည်း ထိန်းသိမ်းမှုတွေ လုပ်လာရမယ်။ ဒီထက်ပိုပြီး အလုပ်ရှုပ်စရာတွေလည်း အများကြီးရှိ နေသေးတယ်။ ဒီတော့ ရေရှည်မှာ အလုပ်ဖြစ်ပါ့မလားလို့ စိုးရိမ်မိတယ်လို့ သူကဆက်ပြောပါတယ်။ ဘယ်လိုပဲ ပြောပြော အခုအချိန်မှာ အရင်ကထက်စာရင် ဂျာမနီကို ဒုက္ခသည်ဝင်ရောက်လာမှု လျော့နည်းလာတာကတော့ အမှန်ပါပဲ။ ရှေ့လျှောက်လည်း ဒီထက်ပိုနည်းလာဖို့ပဲ ရှိပါတယ်။ ဒီလိုမျိုး လုပ်ဆောင်မှုတွေကြား ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေမှာ ဒုက္ခသည် ခွဲဝေလက်ခံမှုပြဿနာဟာ ဆက်လက်ရှိနေဆဲ ဆိုတာကလည်း အမှန်ပါပဲ။   ။ 
ကိုးကား - စီအင်န်အင်န်