ရန်ကုန်  ၇  ဇန်နဝါရီ  


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ မိမိတိုင်းဒေသကြီးနယ်မြေအတွင်း ဒုစရိုက်မှုများ ရှာဖွေဖော်ထုတ်စုံစမ်း ဖမ်းဆီးသွားရန် ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ  တပ်ဖွဲ့ဝင်များသည်  နယ်မြေအတွင်း ခိုး/ဆိုး/လု/နှိုက် သတင်းများစုံစမ်းနေစဉ် ၂၈.၁၂.၂၀၁၈ ရက်နေ့က ခိုးမှုပြစ်ချက်ဟောင်းရှိပြီး ခိုးမှုများထပ်မံကျူးလွန်ထားကြောင်း သတင်းရရှိထားသူ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆)ရပ်ကွက်၊ အပိုင်း(၃)နေ မြတ်စိုးကျော်(ခ)စိုးကျော်(ခ) ကျော်ကြီး(ခ)ကတုံး(၃၉)နှစ်အား သင်္ဃန်းကျွန်း မြို့နယ်၊ ဦးစံဖေရပ်ကွက်၊ သင်္ဃန်းကျွန်းဈေးအနီးတွင် တွေ့ရှိ၍ ဖမ်းဆီးခဲ့ပြီး ၎င်း၏လက်ထဲတွင် ကိုင်ဆောင်ထားသော အနီရောင်ကြွပ်ကြွပ်အိတ်အတွင်း ထည့်ထားသော Vivo Y15 အမျိုးအစား ဖုန်း(၁)လုံး၊ Bluetooth Box (၁)လုံးနှင့် Bluetooth Box နားကြပ်(၁)ခုတို့နှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ လတွင် သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်၊ ဘုရားလမ်းအတွင်းရှိ နေအိမ်တစ်အိမ်မှ ခိုးယူလာခဲ့သော ပစ္စည်းများဖြစ်ကြောင်း  သိရသည်။


ယင်းနောက် ၎င်းအား ထပ်မံစစ်ဆေး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် တောင်ဥက္ကလာပ မြို့နယ်အတွင်း  (၁၄) ရပ်ကွက်၊ မြင်သာ(၅)လမ်းရှိ နေအိမ်တစ်အိမ်တွင် အားသွင်းထားသော Vivo Y 15 အမျိုးအစား ဖုန်း (၁) လုံးနှင့် Huawei G 510-0010  အမျိုးအစား ဖုန်း(၁)လုံး၊ (၁၃)ရပ်ကွက်၊ အနော်မာ(၁၀)လမ်း အတွင်းရှိ နေအိမ်တစ်အိမ်တွင် အားသွင်းထားသော Huawei CAM-L 21 အမျိုးအစား ဖုန်း(၁)လုံး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း လေးထောင့်ကန်ရပ်ကွက်၊ လေးထောင့်ကန်(၄)လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ  Oppo A33F အမျိုးအစား (၁) လုံး၊ သုဝဏ္ဏ၊ ရန်ကုန်သစ်ရပ်ကွက်အတွင်းရှိ  နေအိမ်တစ်အိမ်မှ အားသွင်းထား သော Samsung Galaxy  J5 Pro အမျိုးအစား ဖုန်း(၁) လုံး၊ MPT တံဆိပ်ပါ အနက်ရောင်ဖုန်း (၁) လုံးနှင့် Samsung Galaxy  Mega 2 အမျိုးအစား ဖုန်း(၁)လုံးတို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။


စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းရမိကာ ပြစ်မှုကျူးလွန်သူ မြတ်စိုးကျော် (ခ)စိုးကျော်(ခ) ကျော်ကြီး(ခ)ကတုံးအား ဥပဒေနှင့် အညီအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။


MDN