ရန်ကုန် ၈ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက မိမိတိုင်းဒေသကြီး နယ်မြေအတွင်း ဒုစရိုက်မှုများရှာဖွေ ဖော်ထုတ် စုံစမ်းဖမ်းဆီးသွားရန် ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေး ဌာနစုမှတပ်ဖွဲ့ဝင်များသည် နယ်မြေ အတွင်းခိုး/ဆိုး/လု/နှိုက် သတင်းများ စုံစမ်းနေစဉ် ယမန်နေ့က ခိုးမှုပြစ်ချက်ဟောင်းရှိပြီး ခိုးမှုများထပ်မံ ကျူးလွန်ထားကြောင်း သတင်းရရှိထားသူ သင်္ဃန်းကျွန်းမြို့နယ် (၁၆)ရပ်ကွက် အပိုင်း(၃)နေ မြတ်စိုးကျော်(ခ) စိုးကျော်(ခ)ကျော်ကြီး (ခ) ကတုံး(၃၉နှစ်)အား သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက် သင်္ဃန်းကျွန်းဈေးအနီးတွင် တွေ့ရှိ၍ ဖမ်းဆီးခဲ့သည်။
ထို့နောက် ၎င်း၏လက်အတွင်းတွင် ကိုင်ဆောင်ထားသော အနီရောင်ကြွပ်ကြွပ်အိတ် အတွင်း ထည့်ထားသောVivo Y15 အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ Bluetooth Box တစ်လုံးနှင့် Bluetooth Box နားကြပ် တစ်ခုတို့ နှင့်ပတ်သက်၍ မေးမြန်းရာ ၎င်းသည် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလက သင်္ဃန်းကျွန်းမြို့နယ် (ဆ/က) ရပ်ကွက် ဘုရားလမ်းအတွင်းရှိ နေအိမ်တစ်အိမ်မှ ခိုးယူလာခဲ့သော ပစ္စည်းများဖြစ်ကြောင်း သိရသည်။
ထို့နောက် ၎င်းအား ထပ်မံစစ်ဆေးရာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် တောင်ဥက္ကလာမြို့နယ်အတွင်း (၁၄) ရပ် ကွက်မြင်သာ(၅)လမ်းရှိ နေအိမ်တစ်အိမ်တွင် အားသွင်းထားသော Vivo Y 15 အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးနှင့်Huawei G 510-0010 အမျိုးအစားလက်ကိုင်ဖုန်း တစ်လုံး၊ (၁၃)ရပ်ကွက် အနော်မာ(၁ဝ)လမ်း အတွင်းရှိ နေအိမ်တစ်အိမ်မှ အားသွင်းထားသော Huawei CAM-L 21 အမျိုးအစားလက်ကိုင်ဖုန်း တစ်လုံး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း လေးထောင့်ကန်ရပ်ကွက် လေးထောင့်ကန်(၄)လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှOppo A33F အမျိုးအစားလက်ကိုင်ဖုန်း တစ်လုံး၊ သုဝဏ္ဏ ရန်ကုန်သစ်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ အားသွင်းထားသောSamsung Galaxy J5 Pro အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ MPT တံဆိပ်ပါ အနက်ရောင် ဖုန်းတစ်လုံးနှင့် Sam-sung Galaxy Mega 2 အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးတို့ကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများ ပြန်လည် သိမ်းဆည်းရမိကာ ပြစ်မှုကျူးလွန်သူ မြတ်စိုးကျော်(ခ)စိုးကျော်(ခ) ကျော်ကြီး(ခ) ကတုံးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ဆန်းမြင့် (ပြန်/ဆက်)