ရတနာ(သုတေသီ)

 

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် “(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ   ၂၂  ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်- ၅   ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် ကျင်းပမည် ဖြစ်ပါသည်။

 

သုတေသနညီလာခံများ အစဉ်အလာမပျက် ကျင်းပခြင်းအားဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ တိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း မြင့်မားလာစေရန်နှင့် သုတေသန တွေ့ရှိချက်များကို လက်တွေ့အသုံးချမည့် ကျန်းမာရေးပညာရှင်များ   သိရှိဆွေးနွေးနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် ဤညီလာခံတွင် မြန်မာ့သုတေသီများ၏ ကျန်းမာရေးသုတေသန လုပ်ငန်းများမှ တွေ့ရှိချက်ရလဒ်များကို သုတေသန စာတမ်း၊   ပိုစတာများပုံစံဖြင့် တင်ပြသွားမည်ဖြစ်ပါသည်။

 

ညီလာခံကို စတင်ကျင်းပခဲ့သည်မှာ ၁၉၆၅ ခုနှစ်တွင်ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်အထိ အခြေခံ သုတေသန စာတမ်းများသာ တင်သွင်းဖတ်ကြားခဲ့သော်လည်း ၁၉၉၁ ခုနှစ်တွင် သုတေသနပိုစတာများပြသခြင်းနှင့်  ၁၉၉၃ ခုနှစ်တွင် လက်တွေ့ အသုံးချ သုတေသနစာတမ်းများကိုပါ ထည့်သွင်း ဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။  ၂၀၀၂ ခုနှစ်တွင်  ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (Symposium) များကို ထည့်သွင်းကျင်းပခဲ့ခြင်းနှင့် (၄၅)ကြိမ်မြောက်သုတေသနညီလာခံမှစ၍ ညီလာခံ၏ အဓိက သုတေသနဦးတည်ချက်ခေါင်းစဉ် (Theme)အား သတ်မှတ်၍ဆောင်ရွက်ခဲ့ခြင်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

 

၂၀၁၀ ပြည့်နှစ်မှစ၍ လူငယ်သုတေသီဆုချီးမြှင့်

 

သုတေသီပညာရှင်များ၏ သုတေသနအရည်အသွေးများ ပိုမိုတိုးတက် ကောင်းမွန်လာစေရန်နှင့် သုတေသန ပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးထား အသိအမှတ်ပြုသောအားဖြင့် ၁၉၉၃ ခုနှစ်မှစ၍ အကောင်းဆုံးစာတမ်းဆုများ၊ အကောင်းဆုံးပိုစတာဆုများကို ရွေးချယ်ချီးမြှင့်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှစ၍ လူငယ်သုတေသီဆုကိုပါ ချီးမြှင့်ခဲ့ပါသည်။

 

ကမ္ဘာတစ်ဝန်းရင်ဆိုင်ကြုံတွေ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် “(၄၉)ကြိမ်မြောက် သုတေသနညီလာခံကို Virtual Congress အသွင် ဖြင့် လည်းကောင်း၊ “အကြိမ် (၅၀)မြောက် ရွှေရတု ညီလာခံကို Virtual နှင့် In-person ပူးတွဲလျက် Hybrid အသွင်ဖြင့်လည်းကောင်း ကျင်းပခဲ့ရပြီး ယမန်နှစ်မှစ၍ In-person ဖြင့် ပြန်လည်ကျင်းပခဲ့ပါသည်။

 

ယခုနှစ်အတွက် ကျန်းမာရေးဆိုင်ရာ သုတေသနများဆောင်ရွက်ရာတွင် သုတေသီတို့အတွက် အရေးကြီးလှသော အလေးထားကျင့်သုံး ရမည့် သုတေသနကျင့်ဝတ်များကို မီးမောင်းထိုး ပြသနိုင်ရေးအတွက် “(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ၏ အဓိက သုတေသန ဦးတည်ချက်ခေါင်းစဉ် (Theme) ကို “ခိုင်မာပြီးသုတေသနကျင့်ဝတ်နှင့် ပြည့်စုံသော သုတေသနကောင်းများကို တိုးမြှင့်ဆောင်ရွက်ကြ ပါစို့ - Enhancing Research Integrity and Research Ethics” ဟု သတ်မှတ်ထားရှိကာ ကျင်းပ မည်ဖြစ်ပါသည်။

 

သုတေသနညီလာခံကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးသုတေသနဦးစီးဌာနသည် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များကို သတ်မှတ်ထားရှိ၍ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စာတမ်းကြီးကြပ်ရေး ဆပ်ကော်မတီသည် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ နှီးနွှယ်တက္ကသိုလ်များရှိ သုတေသီ ပညာရှင်များက စာတမ်းများတောင်းခံခြင်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လ အတွင်းမှစတင်၍ ဆောင်ရွက်ခဲ့ပါသည်။ တင်သွင်းလာသော သုတေသနစာတမ်းများကို အခြေခံ သုတေသနစာတမ်း (Basic Research)၊ အသုံးချ သုတေသနစာတမ်း (Applied Research)၊ ကျန်းမာရေးစနစ်သုတေသနစာတမ်း (Health Systems Research)များနှင့် ပိုစတာများဖြင့် အမျိုးအစား ခွဲခြားလက်ခံခဲ့ပါသည်။

 

သုတေသနစာတမ်း စုစုပေါင်း ၁၀၉ စောင်

 

ယခုနှစ်တွင် အခြေခံသုတေသနစာတမ်း ၂၃ စောင်၊ အသုံးချသုတေသနစာတမ်း ၂၂ စောင်၊ ကျန်းမာရေးစနစ် သုတေသနစာတမ်း ၁၃ စောင်၊ သုတေသနပိုစတာ ၅၁ စောင် စုစုပေါင်းစာတမ်း ၁၀၉ စောင်ကို စာတမ်း ကြီးကြပ်ရေးဆပ်ကော်မတီကစိစစ်ပြီး ညီလာခံသို့ တင်သွင်း၊ ဖတ်ကြား၊ ပြသရန် လက်ခံထားရှိကြောင်း သိရှိရပါသည်။ တင်သွင်းမည့် စာတမ်းများတွင် ကိုဗစ်-၁၉ ရောဂါ၊ ကင်ဆာရောဂါ၊ တီဘီရောဂါ၊ အသည်းရောဂါ၊ ဦးနှောက်နှင့်ဦးနှောက် အမြှေးရောင်ရောဂါ၊ မြွေဆိပ်၊ သွေးလွန်တုပ်ကွေး၊ ရိုတာဗိုင်းရပ်စ်၊ ငှက်ဖျားရောဂါ၊ ဆင်တုပ်ကွေးရောဂါ၊ တိုင်းရင်းဆေး၊ သွားဘက်ဆိုင်ရာ၊ အားကစားဆိုင်ရာ၊ ဆေးဝါးဗေဒဆိုင်ရာ၊ အာဟာရဆိုင်ရာ၊ ကိုယ်ဝန်စောင့်ရှောက်မှုဆိုင်ရာ၊ သူနာပြုများ၏ ဆေးရုံကျင့်ဝတ်ဆိုင်ရာ၊ ဆေးပညာသင်ကြားရေးနှင့် အကဲဖြတ်နည်းဆိုင်ရာ သုတေသနများစသည်တို့ ပါဝင်ပါသည်။

 

(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာသုတေသနညီလာခံတွင် တင်ပြမည့် စာတမ်းများ၊ ပိုစတာများအနက် အချို့ကိုကောက်နှုတ်၍ တင်ပြလိုပါသည်။ မြွေကိုက်ရောဂါ သုတေသန လုပ်ငန်းများနှင့်ပတ်သက်၍ မြွေကိုက်ခံလူနာများတွင် မည်သည့်မြွေအမျိုးအစား အကိုက်ခံရသည်ကို မသိရှိရသည့်အခါ ယင်းလူနာများ၏ သွေးမှမြွေပွေးနှင့် မြွေဟောက်မျိုးစိတ်များကို ခွဲခြားစစ်ဆေးနည်း သုတေသနမှ မြွေကိုက်ခံရသော လူနာများအတွက် ရောဂါကုသမှု လျင်မြန်ထိရောက်မှုရှိစေရန် အတွက်လည်းကောင်း၊ မြွေစိမ်းမြီးခြောက် မြွေဆိပ်ဖြေဆေး စမ်းသပ်ထုတ်လုပ်မှု သုတေသနကို ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ မြွေစိမ်းမြီးခြောက် အကိုက်ခံရသော လူနာများအတွက် မြွေဆိပ်ဖြေဆေး တီထွင်ထုတ်လုပ်ရန် လိုအပ်သော သုတေသနဆောင်ရွက်မှု အချက်အလက်များ ထောက်ပံ့ပေးနိုင်ရန် အတွက်လည်းကောင်း၊ မြွေပွေးအဆိပ်အိတ်မှ အဆိပ်မျိုးရိုးဗီဇများကို လေ့လာခြင်းအားဖြင့် ပါဝင်သော မြွေဆိပ်ပမာဏနှင့် မြွေဆိပ်တွင်ပါဝင်သော ပရိုတင်း၊ အင်ဇိုင်းများ၏လုပ်ဆောင်မှု (Function)များ၊ ဇီဝကမ္မအပေါ် သက်ရောက်မှုများကို သိရှိရပြီး မြွေကိုက်ခံလူနာများအတွက် ဆေးဝါးသစ်များ ဖော်ထုတ်နိုင်ရန်အတွက်လည်းကောင်း အကျိုးပြုစေမည်ဖြစ်ပေသည်။

 

Community-based COVID-19 Study Group မှ တင်ပြမည့် စာတမ်းသည်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့စဉ် ကုသမှုခံယူခဲ့သည့်အခြေအနေများ၊ ကာကွယ်ဆေးထိုးနှံမှုအခြေအနေများ နှင့် ကြုံတွေ့ရသည့်အခက်အခဲများကို ပြည်သူများသိရှိနိုင်ရန်နှင့် နောင်တွင်ဖြစ်ပွားလာနိုင်သည့် ကူးစက် ကပ်ရောဂါများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲလက္ခဏာများကို လေ့လာတင်ပြခြင်းဖြင့် အနာဂတ်တွင် ဖြစ်ပေါ်နိုင်သည့် ကူးစက် ကပ်ရောဂါများ ခံစားရသောသူများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများကို ထိန်းသိမ်း စောင့်ရှောက်ပေးနိုင်မည့်အစီအစဉ်များအား ချမှတ်ပေးနိုင်မည့်် အကျိုးတရားများကို ရရှိစေပါမည်။

 

အားကစားကဏ္ဍနှင့်ပတ်သက်၍ မြန်မာ့အားကစားသမားများတွင် ကျန်းမာရေးကို ထိခိုက်နိုင်သော အမူအကျင့်များကို သုတေသနပြုလေ့လာခဲ့သည့်အတွက် အားကစားသမားများအနေဖြင့် ယင်း အမူအကျင့်များကို ရှောင်ကြဉ်နိုင်ရန်အတွက် အထောက်အကူပြုစေမည်ဖြစ်ပါသည်။

 

မကူးစက်နိုင်သောရောဂါများ

 

မကူးစက်နိုင်သောရောဂါများအနက် ကင်ဆာရောဂါသည်များ၏ ဓာတ်ရောင်ခြည်ကုသမှုမခံယူမီ အာဟာရပြည့်ဝမှု အခြေအနေကို သုတေသနပြု ဆောင်ရွက်ခြင်းဖြင့် ဖြစ်ပွားမှုများသည့် သွေးတိုး၊ ဆီးချို၊ ကင်ဆာရောဂါများနှင့် အဝလွန်ခြင်း စသည့်ရောဂါများကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် နိုင်သည့်နည်းလမ်းများ ဖော်ထုတ်နိုင်မည်ဖြစ်သည့် အကျိုးကျေးဇူးကို ရရှိစေပါသည်။

 

သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ရောဂါပိုး၏ မျိုးဗီဇများ ပြောင်းလဲမှုလေ့လာရာတွင် ရောဂါအမျိုးအစား၊ လူနာများ၏ ကိုယ်ခံစွမ်းအားတို့သည် ရောဂါပြင်းထန်မှုနှင့် ကပ်ရောဂါအသွင် ဖြစ်ပွားမှုတို့အပေါ် အကျိုးသက်ရောက်ကြောင်း နှစ်အလိုက် ရောဂါအမျိုးအစားများ ပြောင်းလဲကြောင်း ဖော်ထုတ်နိုင်သည့်အတွက် သွေးလွန်တုပ်ကွေးရောဂါ ထိန်းချုပ် ရေးလုပ်ငန်းတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်ပေ သည်။

 

ရေယုန်ဗိုင်းရပ်စ်ရောဂါ၊ တီဘီပိုးနှင့် ကိုယ်ခံအား မှ ပြန်လည်တိုက်ခိုက်ခြင်းကြောင့် ဦးနှောက်ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါ အများဆုံးဖြစ်ပွားကြောင်း မော်လီကျူးနည်းပညာနှင့် ပုံမှန်ဓာတ်ခွဲဓာတ်မှန် စစ်ဆေးမှုအား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စောစီးစွာသိရှိနိုင်ပြီး တိကျမှန်ကန်သော ကုသမှုများ ဆောင်ရွက်ပေးနိုင်မည့်အပြင် သေဆုံးမှု အား လျှော့ချသွားနိုင်မည်ဖြစ်ခြင်းစသည့် အသိပညာ တိုးပွားစေသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင် မည်ဖြစ်ပါသည်။

 

ညီလာခံရက်များအတွင်း သုတေသနပိုစတာများကို ခင်းကျင်းပြသထားမည်ဖြစ်ပြီး သုတေသန စာတမ်းဖတ်ပွဲကို နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အချိန်များခွဲ၍ ကျင်းပမည်ဖြစ်ပါသည်။ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက သဘာပတိများအဖြစ် အလှည့်ကျ ဆောင်ရွက်ကြမည်ဖြစ်သည်။

 

လေးနှစ်ကြာ တည်ဆောက်ခဲ့သော အဆင့်မြင့်မော်လီကျူးသုတေသနစင်တာ ဓာတ်ခွဲခန်း

 

ယခုနှစ်သုတေသနညီလာခံတွင် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency- KOICA)၏ အမေရိကန်ဒေါ်လာ သုံးသန်းအထောက်အပံ့ဖြင့် ဆေးသုတေသနဦးစီးဌာန ( ရန်ကုန်ရုံးချုပ်)တွင် လေးနှစ်ကြာ တည်ဆောက်ခဲ့သောအဆင့်မြင့် မော်လီကျူးသုတေသနစင်တာ (Advanced Molecular Research Centre) ဓာတ်ခွဲခန်းကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ ယခု ၂၀၂၄ ခုနှစ်တွင် (၁၀)နှစ်ပြည့် အထိမ်းအမှတ် အတွက် ဂုဏ်ပြုအမှတ်တရ အစီအစဉ်တစ်ခု ထည့်သွင်းထားရှိပါသည်။ ယင်းစင်တာကို ခေတ်မီ နည်းပညာနှင့် ဓာတ်ခွဲခန်းဆိုင်ရာ အထောက်အကူ ပြုပစ္စည်းများအသုံးပြု၍ ငှက်ဖျားရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ တီဘီရောဂါစသည့် ကူးစက်ရောဂါများအတွက် သုတေသနများ ပိုမိုဆောင်ရွက်နိုင်စေရန်နှင့် မြန်မာပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်လာစေရန်တို့တွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

 

ယခု ၂၀၂၄ ခုနှစ်မှ ဆယ်စုနှစ်တစ်ခုအား ပြန်ကြည့်လျှင် အောင်မြင်မှုအသီးအပွင့်များစွာ ရရှိ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ စင်တာ၏ သတင်းအချက်အလက်နည်းပညာပံ့ပိုးမှု (Information Technology Facility) ကို အသုံးပြု၍ ကွန်ပျူတာသင်တန်းများကိုလည်း ပို့ချပေးခြင်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ တီဘီ၊ အသည်းရောင် အသားဝါ၊ ငှက်ဖျားနှင့် အခြားကူးစက်ရောဂါများ ဆိုင်ရာ ကွင်းဆင်းလေ့လာမှုများနှင့် ဓာတ်ခွဲခန်း အခြေပြု သုတေသနလေ့လာမှုများကို ကိုရီးယား အဖွဲ့အစည်းများအပြင် အခြားသော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ပါသည်။

 

စင်တာရှိ အဆင့်မြင့်မော်လီကျူးနည်းပညာသုံး စက်ကိရိယာများကိုအသုံးပြု၍ မြန်မာနိုင်ငံတွင် တီဘီဗက်တီးရီးယားပိုးများ၏ မျိုးရိုးဗီဇလက္ခဏာများကို ဖော်ပြနိုင်ခဲ့ပါသည်။ ပုံမှန်စမ်းသပ်မှုဖြင့် မဖော်ထုတ်နိုင်သည့် ဆေးယဉ်ပါးတီဘီရောဂါများ ကိုလည်း ယခုအခါ ရှာဖွေတွေ့ရှိနိုင်ပြီဖြစ်သည်။

 

အသည်းရောင်အသားဝါဘီ ဗိုင်းရပ်စ်ပိုးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်တမ်းကောက်ယူမှုကို ၂၀၁၅ ခုနှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့ပြီး အသည်းရောင်အသားဝါဘီ ဗိုင်းရပ်စ်မျိုးကွဲများ မြန်မာနိုင်ငံအတွင်း ပျံ့နှံ့မှုအခြေအနေကို အစီရင်ခံ နိုင်ခဲ့ပါသည်။ ဆေးယဉ်ပါးငှက်ဖျားရောဂါ၏ မော်လီကျူးစောင့်ကြည့်ခြင်းနှင့် Ultrasensitive Realtime PCR ဖြင့် ရောဂါလက္ခဏာမပြသော ငှက်ဖျားရောဂါဖြစ်ပွားမှုများကို ထောက်လှမ်းခြင်းကိုလည်း ပြုလုပ်နိုင်ခဲ့ပါသည်။

 

အဆင့်မြင့်မော်လီကျူးသုတေသနစင်တာမှ သုတေသီပညာရှင်များ၏ သုတေသနစာတမ်းပေါင်း ၆၀ ကျော်ကို နိုင်ငံတကာနှင့် ပြည်တွင်းဂျာနယ်များတွင် ထုတ်ဝေနိုင်ခဲ့ပါသည်။ နိုင်ငံတော်အတွက် အရည်အသွေး မြင့်မားပြီးအကျိုးရှိစေမည့် သုတေသနတွေ့ရှိချက်များ၊ ပိုမိုဆန်းသစ်လာသော ကူးစက်ရောဂါဆိုင်ရာ ရောဂါရှာဖွေရေးနည်းပညာများနှင့် ကူးစက်ရောဂါ ထိန်းချုပ်ရေးစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာရပ်များကို မြန်မာ-ကိုရီးယား ပူးတွဲ စာတမ်းဖတ်ပွဲများနှင့် သုတေသနညီလာခံများတွင် တင်ပြခဲ့ကြပြီး ကုသရေးနှင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကိုများစွာအထောက်အကူပြုခဲ့ပါသည်။

 

စံနှုန်းမီအဆင့်မြင့်မော်လီကျူးသုတေသနဌာန တစ်ခုဖြစ်ပေါ်လာစေရေးအတွက် ဓာတ်ခွဲခန်းနည်း ပညာဆိုင်ရာ စာအုပ်ငယ်များ၊ လမ်းညွှန်ချက်များ၊ ဓာတ်ခွဲခန်းစံနမူနာပြု ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ဌာနအတွင်း အသုံးပြုနိုင်ရန် ရေးသားပြင်ဆင်ခြင်း၊ လက်တွေ့လေ့ကျင့်ရေး အလုပ်ရုံဆွေးနွေးပွဲများကို အခါအားလျော်စွာ ပြုလုပ်နိုင်ခဲ့ပြီး အဆင့်မြင့်ဓာတ်ခွဲခန်းနည်းပညာများကို ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြားဌာနများမှ ပညာရှင်များနှင့် နည်းပညာရှင်များအား မျှဝေပေးနိုင်ခဲ့ပါသည်။ ထို့ပြင် ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွှယ်တက္ကသိုလ်များ၏ ပါရဂူဘွဲ့နှင့် မာစတာသင်တန်းများအတွက် သင်ကြားရေးဓာတ်ခွဲခန်း တစ်ခုအဖြစ်လည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

 

ကိုဗစ်-၁၉ မျိုးဗီဇစိစစ်ခြင်းစမ်းသပ်မှုပေါင်း ၃၀၀ ကျော်ကို ပြုလုပ်ခဲ့

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စင်တာရှိ အဆင့်မြင့် မော်လီကျူးနည်းပညာ ရောဂါရှာဖွေရေး အခြေခံအဆောက်အအုံနှင့် ပစ္စည်းများအသုံးပြု၍ ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် ဧပြီလအထိ COVID-19 RT-PCR ရောဂါရှာဖွေစမ်းသပ်မှုများကို ဆောင်ရွက်ခဲ့ပြီး ခန့်မှန်းခြေ ဓာတ်ခွဲနမူနာတစ်သိန်းခန့်ကို စမ်းသပ်ပေးနိုင်ခဲ့ပါသည်။ စင်တာ၏ ဇီဝလုံခြုံမှု အဆင့် (၂) အထက်ရှိ ဓာတ်ခွဲခန်းကို အသုံးပြု၍ Gene Sequencing စက်များနှင့် မြန်မာ နိုင်ငံတွင် ကိုဗစ်-၁၉ မျိုးကွဲများ၏ Genome Sequencing ဆက်လက်လုပ်ဆောင်နေပါသည်။ ယခုအချိန်အထိ ကိုဗစ်-၁၉ မျိုးဗီဇစိစစ်ခြင်း စမ်းသပ်မှုပေါင်း ၃၀၀ ကျော်ကို ပြုလုပ်ခဲ့ပြီး မြန်မာ နိုင်ငံအတွင်း ပျံ့နှံ့လျက်ရှိသော ကိုဗစ်-၁၉ မျိုးကွဲ ဆိုင်ရာ အချက်အလက်အမျိုးမျိုးကို ကျန်းမာရေး ဝန်ကြီးဌာနသို့ အစီရင်ခံတင်ပြပြီး အများပြည်သူ သိရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနက သတင်း မျှဝေပေးနိုင်ခဲ့ပါသည်။

 

ညီလာခံကျင်းပရာရက်များအတွင်း နိုင်ငံတကာ နှင့် ပြည်တွင်းမှ သုတေသနပညာရှင်များ ပါဝင် ဆွေးနွေးကြမည့် ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါသည်။

 

ညီလာခံဖွင့်ပွဲရက်တွင် ကူးစက်နိုင်သောရောဂါ တစ်ခုဖြစ်သည့် ဆေးယဉ်ပါးတီဘီရောဂါအတွက် သုတေသန တွေ့ရှိချက်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ သုတေသန ပညာရှင်များ ပါဝင်ဆွေးနွေးမည့် “Myanmar-Korea Joint Symposium (2024)- Combating Drug-Resistant Tuberculosis” ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပသွားမည်ဖြစ်ပါသည်။

 

ညီလာခံဒုတိယရက်တွင် ယနေ့ခေတ်အခါ ကမ္ဘာတစ်ဝန်းအဖြစ်များသော မကူးစက်တတ်သော ရောဂါများဖြစ်သည့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါများအတွက် ဝါရင့်သမားတော်ကြီးများ၊ ဆေးပညာရှင်များက ပါဝင်ဆွေးနွေးမည့် “မကူး စက်တတ်သောရောဂါများအား ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်သင့် သည့်လုပ်ငန်းများဆိုင်ရာဆွေးနွေးခြင်း - Non-Communicable Diseases: Prevention, Promoting Control and the Way Forward” ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကိုလည်း ကျင်းပမည်ဖြစ်ကြောင်းနှင့် မကူးစက်နိုင်သောရောဂါတစ်ခုဖြစ်သည့် ကင်ဆာရောဂါနှင့်ပတ်သက်ပြီး ပြည်တွင်းပညာရှင်များ သာမက ပြည်ပပညာရှင်များလည်း ပါဝင်ဆွေးနွေး မည်ဖြစ်ပါသည်။

 

ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ

 

ညီလာခံစတုတ္ထမြောက်ရက်တွင် “ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်/ ကျောင်းများ၏ အရည် အသွေးအာမခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြင်ဆင်ဆောင်ရွက်နေမှုအခြေ အနေများ- Quality Assurance in Health Professional Education: Process, Partnerships and Readiness” ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲတွင်လည်း ကျွမ်းကျင်ပညာရှင်များက ဆေးနှင့် ဆေးနှီးနွှယ် တက္ကသိုလ်/ကျောင်းများတွင် အရည်အသွေးအာမခံမှုစနစ် တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဆွေးနွေးသွားမည် ဖြစ်ပါသည်။

 

ညီလာခံနောက်ဆုံးရက်တွင် ယခုနှစ်ညီလာခံ ၏ အဓိကသုတေသနဦးတည်ချက်ခေါင်းစဉ် (Theme) ကိုပင် ပညာရပ်ဆိုင်ရာနှီးနှော ဖလှယ်ပွဲတစ်ခုအဖြစ် ထည့်သွင်းကျင်းပကာ ဝါရင့်သုတေသီ ကျင့်ဝတ်ဆိုင်ရာ ပညာရှင်များက ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဖွဲ့စည်းထားရှိပြီးသော သုတေသန ကျင့်ဝတ်ကော်မတီများ ပိုမိုအားကောင်း ခိုင်မာလာစေရန်အတွက် သုတေသန ကျင့်ဝတ်ဆိုင်ရာ နည်းပညာများကို ဆွေးနွေးတင်ပြ အတွေ့အကြုံဖလှယ်ကြမည်ဖြစ်ပါသည်။

 

သုတေသနပညာရှင်များ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို အသိအမှတ်ပြုအလေးထားသည့်အနေဖြင့် စာတမ်းဆုရွေးချယ်ရေး ဆပ်ကော်မတီသည် တင်သွင်းလာသည့် စာတမ်းများမှ အခြေခံသုတေသန (Basic Research) စာတမ်းဆုများ၊ လက်တွေ့အသုံးချသုတေသန (Applied Research) စာတမ်းဆုများ၊ ကျန်းမာရေး စနစ်သုတေသန (Health Systems Research) စာတမ်းဆုများ၊ လူငယ်သုတေသီဆုများနှင့် ပိုစတာ စာတမ်းဆုများကို စိစစ်ရွေးချယ်မည်ဖြစ်ကြောင်းနှင့် ဆုရရှိသူသုတေသီများအား ထိုက်ထိုက်တန်တန် ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။

 

သုတေသနစာတမ်းရှင်များသည် ဆေးသုတေ သနဦးစီးဌာနမှထုတ်ဝေသည့် မြန်မာ့ကျန်းမာရေး သိပ္ပံသုတေသနဂျာနယ် (Myanmar Health Sciences Research Journal) သို့ ပေးပို့လိုပါကလည်း ဂျာနယ်သတ်မှတ်ချက်များနှင့် ကိုက်ညီ အောင် ဆောင်ရွက်လျက် ဂျာနယ်၏ အီးမေးလ် (https://www.mhsrj-moh.dmr.gov.mm) သို့ စာတမ်းများပေးပို့နိုင်မည်ဖြစ်ပါသည်။

 

ဤသုတေသနညီလာခံကြီးသို့ စာတမ်း တင်သွင်းကြမည့် သုတေသီပညာရှင်များသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆရာဝန်များ၊ ဆေးတက္ကသိုလ်များနှင့် နှီးနွှယ်တက္ကသိုလ်များမှ ဆရာဆရာမများ၊ ဘွဲ့လွန်သင်တန်းသားများ၊ ကျန်းမာရေးဝန်ထမ်းများသည် ညီလာခံကို တက်ရောက်နိုင်ကြမည်ဖြစ်ပါသည်။

 

နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို နှစ်စဉ်ကျင်းပခြင်းဖြင့် တစ်နှစ်တာကာလအတွင်း အလုပ်တာဝန် အသီးသီးဖြင့် မအားလပ်ကြသော ပြည်တွင်းနှင့် နိုင်ငံတကာမှ သုတေသီပညာရှင်များ၊ ဆေးပညာရှင်များ၊ သမားတော်များ၊ စီမံချက်မန်နေဂျာများသည် ညီလာခံကျင်းပရာ ကာလအတွင်း သတ်မှတ်အချိန်တစ်ခုတည်းတွင် လူကိုယ်တိုင်ဖြစ်စေ၊ Online ဖြင့်ဖြစ်စေ တက်ရောက်ကြခြင်း (Collaborative Networking) ဖြစ်၍ တစ်ဦးနှင့ တစ်ဦး ခင်မင်ရင်းနှီးချစ်ကြည်စွာဖြင့် သုတေသန စာတမ်းများမှ တင်ပြချက်များ၊ နှီးနှောဖလှယ်ပွဲများမှ ပညာရပ်ဆိုင်ရာတင်ပြချက်များကို မျှဝေဆွေးနွေးနိုင်သည့် အခွင့်‌အရေးကောင်းကို ရရှိကြပါသည်။

 

ယင်းမှ လာမည့်အနာဂတ်ကာလအတွက် ပြည်သူ့အကျိုးကို ဖော်ဆောင်သည့် နိုင်ငံ၏ကျန်းမာ ရေးစောင့်ရှောက်မှု မြှင့်တင်ရေး ကဏ္ဍကိုများစွာ အထောက်အကူပြုမည်ဖြစ်သောလုပ်ငန်းများ၊ စီမံ ချက်များကို ညှိနှိုင်းအတည်ပြုချမှတ်နိုင်ကြမည် ဖြစ်သည့် ကောင်းမွန်သောအကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။