ခိုင်မြဲသော သန္နိဋ္ဌာန်ဖြင့် ရင်ဆိုင်ကျော်လွှား

၁၃ ဒီဇင်ဘာ

 

နိုဝင်ဘာလ ရက်နေ့က ပြုလုပ်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် လုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အပေါ် မြန်မာအစိုးရအနေဖြင့် လက်ခံကျေနပ်ခြင်းမရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက နိုဝင်ဘာလ ရက်နေ့က သတင်းထုတ်ပြန်ချက် ထုတ်ပြန်ကာ တုံ့ပြန်လိုက်သည်။

 

လုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်သည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ရင်ဆိုင်နေရသော ပြဿနာများအား အပြန်အလှန်ဆွေးနွေးကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဖြင့် ဖြေရှင်းမှသာ အောင်မြင်မှုရနိုင်သည်ဟူသော အချက်ကို လျစ်လျူရှုထားပြီး အဆိုပါ ထုတ်ပြန်ချက်ကြောင့် နှစ်နိုင်ငံအကြား ချောမွေ့စွာသွားနေသည့် စေ့စပ်ဆွေးနွေးမှုများအား ထိခိုက်စေမည့် အန္တရာယ်ရှိနေပါသည်။

 

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအား လုံခြုံရေးကောင်စီဥက္ကဋ္ဌအနေဖြင့် မျက်ကွယ်ပြုထားပြီး တစ်ဖက်သတ်အမြင်ဖြင့် ၎င်းတို့လိုလားသည့် အချက်များကိုသာ ဦးစားပေး၊ တွန်းအားပေးနေသဖြင့် အဆိုပါထုတ်ပြန်ချက်အား ကန့်ကွက်ရှုတ်ချသင့်ပေသည်။ ထိုနေ့ကပြုလုပ်သော လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးတွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ရန် ကြိုးပမ်းခဲ့သော်လည်း သဘောတူညီမှုမရခဲ့သဖြင့် ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်ကိုသာ အတည်ပြုချမှတ်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါထုတ်ပြန်ချက်သည် ပြဿနာဖြေရှင်းရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ် ဆောင်ရွက်နေမှုများအား အထောက်အကူမဖြစ်ဘဲ မတူကွဲပြားသော ဘာသာရေးအသိုက်အဝန်းများအကြား ပိုမိုကွဲပြားမှုများ၊ တင်းမာမှုများ မြင့်မားစေနိုင်သည်။ မြန်မာနိုင်ငံအပေါ်တွင် နိုင်ငံတကာ၏ဖိအားများ မလိုလားအပ်ဘဲ တိုးပွားလာနိုင်သည့်အပြင် ကုလသမဂ္ဂနှင့် အခြားသော အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကိုပါ ထိခိုက်စေနိုင်သည်ကို သတိမမူဘဲ ဖိအားပေးပြောဆိုမှုများမှာ စိတ်ပျက်ဖွယ် ဖြစ်ပါသည်။

 

လက်တွေ့တွင်လည်း ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများ ထပ်တလဲလဲဖြစ်နေမှုနှင့် ဘဏ္ဍာငွေအလွန်အကျွံ သုံးစွဲမှုတို့ကို ရှောင်ရှားကြရန် ၎င်းတို့၏ အဖွဲ့ဝင်များအပါအဝင် ကိုယ်စား လှယ်များက ဝေဖန်ထောက်ပြ ပြောဆိုနေချိန်တွင် မြန်မာနိုင်ငံအရေးကိုသာ ပုံကြီးချဲ့၍ အကြိမ်ကြိမ်ပြောဆိုနေသည်မှာ လျော်ကန်သင့်မြတ်ခြင်း မရှိချေ။

 

လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအပေါ် တရားမျှတမှု မရှိသော ဖိအားပေးပြောဆိုမှုများကိုသာ ထပ်တလဲလဲ ပြောဆိုနေခဲ့ပြီး ပြဿနာ၏မူလဇာစ်မြစ်ဖြစ်သည့် အစွန်းရောက် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကိုမူ စိုးစဉ်းမျှပြောခြင်း၊ ဆိုခြင်းမရှိသည်မှာ သမာသမတ်မကျသည့် သဘောဆောင်ပေသည်။ ယခုတစ်ဖန် ပြောဆိုမှုများသည် အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် သဘောဆောင်နေပြီး ပြဿနာဖြေရှင်းရေးကို ရှေးရှုခြင်းမရှိသဖြင့် လုံခြုံရေးကောင်စီ၏ အခြေခံမူများနှင့် လွဲချော်နေပါသည်။

 

မြန်မာနိုင်ငံအနေဖြင့် တရားမျှတမှုမရှိသော ပြောဆိုပြစ်တင်မှုများအား ကန့်ကွက်သွားမည်ဖြစ်သလို မိမိတို့၏ လုပ်ငန်းစဉ်များ အောင်မြင်အောင်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ထိခိုက်စေမည့် မည်သည့် ထိပါးမှုမျိုးကိုမဆို လက်မခံ ဖယ်ရှားသွားမည်သာဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအပေါ် အကျိုးထက် အဆိုးကိုသာဖြစ်စေနိုင်သော ပြောဆိုမှုများ၊ ဖိအားပေးမှုများ၊ နှောင့်ယှက်ဟန့်တားမှုများ မည်သို့ပင်ရှိနေစေကာမူ မြန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသားပြည်သူများအားလုံး တလုံးတစည်းတည်း လက်တွဲကာ ရခိုင်ပြည်နယ်သာမက ပြည်ထောင်စုကြီးတစ်ခုလုံး ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာအောင် ဆက်လက်ကြိုးပမ်းအား ထုတ်သွားမည်ဟု သန္နိဋ္ဌာန်ပြုထားပါသည်။