ချို့တဲ့လူနာ လူနာ(၃၈)ဦး ကျောက်ကပ်ဆေးရန် ငွေကျပ် ၁၅၂ သိန်းကျော်ကို ပျဉ်းမနား သံဃာ့ဆေးရုံကြီးမှ အလှူရှင်များ၏ အလှူငွေဖြင့် လှူဒါန်းပေးနိုင်ခဲ့

ရန်ကုန် ဧပြီ ၃၀

 

၂၀၂၄ ခုနှစ် မတ်လတွင် ပျဉ်းမနား သံဃာ့ဆေးရုံကြီးက အလှူရှင်များ၏ အလှူငွေဖြင့် ချို့တဲ့လူနာ လူနာ(၃၈)ဦး ကျောက်ကပ်ဆေးရန်အတွက် ငွေကျပ် ၁၅၂၉၅၀၀၀ ကျပ်ကို လှူဒါန်းပေးနိုင်ခဲ့ကြောင်း အဆိုပါ ဆေးရုံ၏ ဆေးရုံကြီး ဒေါက်တာသန်းမင်းထွဋ်ထံမှ သိရသည်။

 

ပျဉ်းမနား သံဃာ့ဆေးရုံကြီး ကျောက်ကပ်ဌာနတွင် ဖေဖော်ဝါရီလအတွင်း လူနာ (၉၂)ဦးကို အကြိမ်ပေါင်း (၅၇၇)ကြိမ် ကျောက်ကပ်ဆေးပေးနိုင်ခဲ့ပြီး အဆိုပါလူနာ (၉၂)ဦးအနက် ချို့တဲ့လူနာ (၃၈)ဦးကို တတ်နိုင်သမျှ အလှူခံ၍ အခမဲ့ဆေးနိုင်အောင် ကြိုးစားပေးကြောင်းလည်း ဒေါက်တာသန်းမင်းထွဋ်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

 

“ထူးခြားတာကတော့ ပံ့သုကူဆရာတော် ဘဒ္ဒန္တခေမာစာရအား အမှူးထားပြီး ဖခင်ကြီး ဦးသာရ+ မိခင်ကြီး ဒေါ်စန်းရီ၊ အမကြီး ဒေါ်ခင်စောဝင်းတို့အား ရည်စူး၍ ဦးသာရ+ဒေါ်စန်းရီ စိန်ရွှေရတနာဆိုင် ပျဉ်းမနားမြို့ရဲ့ အလှူငွေ ကျပ် သိန်း ၅၀ နဲ့ လူနာတွေကို ကျောက်ကပ်ဆေးနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်”ဟု ဆိုသည်။

 

ကျောက်ကပ်လူနာများမှာ ရောဂါအနုအရင့်ပေါ် မူတည်ပြီး ဆေးရသည့် အကြိမ်လည်း မတူညီကြဘဲ တစ်လကို (၈)ကြိမ် ဆေးရသူအချို့ရှိသကဲ့သို့ (၆)ကြိမ် လာဆေးရတာလည်း ရှိကြောင်းနှင့် တစ်ကြိမ်လျှင် ဆေးဖိုးချည်း ၅၅၀၀၀ ကျပ်ကျ၍ တစ်လကုန်ကျစရိတ်အနေဖြင့် (၆)ကြိမ်ဆေးသည့် လူနာမှာ ၃၃၀၀၀၀ ကျပ်၊ (၈)ကြိမ် ဆေးတဲ့လူနာမှာ ၄၄၀၀၀၀ ကျပ်အထိ ကုန်ကျစရိတ်ရှိကြောင်းလည်း ဆိုသည်။

 

“ငွေမရှိလို့ မဆေးနိုင်၊ နားထားပြန်တော့ လူနာခမျာ ဆီးမထွက်ဘဲ ဟိုက်ထိုး မောဟိုက်ပြီး နောက်ဆုံး ဆေးရုံရောက်လာပြန်ပါလေရော။ တစ်ကြိမ် ကျောက်ကပ်ဆေးတဲ့ စရိတ်ဟာလည်း ၅၅၀၀၀ ဆိုပေမယ့် ကြာလာတော့ သူတို့ခမျာလည်း အိမ်ပေါင် ခြံပေါင် နွားပေါင်နဲ့ ဒုက္ခမျိုးစုံ ကြုံနေရတာ ကျောက်ကပ်လူနာတိုင်းပါ။ ဒါ့ကြောင့် ကျွန်တော့်ကို အလှူရှင်တွေက ဘာလှူရင် ကောင်းမလဲ မေးလာရင် ကျောက်ကပ်လူနာအတွက် လှူပါလို့ပဲ ဖြေဖြစ်ပါတယ်”ဟု ယင်းကဆိုသည်။

 

ထို့အပြင် ကျောက်ကပ်ဆေးစက်များ ပြုပြင်ထိန်းသိမ်းရန် ကုန်ကျငွေ (၁၀)သိန်းကို အဆိုတော်ကြီး ဦးမင်းနောင် ကွယ်လွန်ခြင်း (၅)နှစ်ပြည့်နှင့် ဇနီးဖြစ်သူ အဆိုတော် ဒေါ်ရီလေး ကွယ်လွန်ခြင်း (၃)လပြည့် အထိမ်းအမှတ်အဖြစ် ကျန်ရစ်သူ မိသားစုက လှူဒါန်းပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့် အလှူရှင်များကိုလည်း စာရင်းနှင့်တကွ ဖော်ပြထားသည်။ ပျဉ်းမနားမြို့ သံဃာ့ဆေးရုံတော်ကြီးတွင် ရဟန်းရှင်လူ ပြည်သူအများ တက်ရောက်ကုသမှု ခံယူနေသည့် ဆေးရုံကြီးတစ်ရုံဖြစ်ပြီး၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင် သံဃာတော် (၅၈၇၇)ပါး၊ သီလရှင် (၉၃၇)ပါး၊ ချို့တဲ့နွမ်းပါး လူနာ (၅၀၀)ဦး စုစုပေါင်း (၇၃၁၄)ဦးကို ကုသပေးနိုင်ခဲ့ကြောင်းနှင့် ၂၀၂၄ ဇန်နဝါရီကနေ မတ်အအထိ ရဟန်းသံဃာ (၁၅၅၄)ဦး၊ သီလရှင် (၁၉၇)ပါး၊ ချို့တဲ့နွမ်းပါးလူနာ (၁၁၉)ဦး စုစုပေါင်း (၁၈၇၀)ဦးကို ကုသပေးနိုင်ခဲ့ကြောင်းလည်း ဆိုသည်။

 

၂၀၂၃ ခုနှစ် စုစုပေါင်းလူနာ (၇၃၁၄)ဦး ဆေးကုစရိတ်အတွက် ငွေကျပ်သိန်းပေါင်း (၂၉၉၄)သိန်း အခမဲ့ ကုသ ကုသိုလ်ယူနိုင်ခဲ့ပြီး ၂၀၂၄ ဇန်နဝါရီကနေ မတ်လအထိ (၃)လတာ လူနာ (၁၈၇၀)ဦးအတွက် ငွေကျပ် (၉၀၉)သိန်းကျော် အခမဲ့ ကုသ ကုသိုလ်ယူနိုင်ခဲ့ကြောင်းလည်း ဆိုသည်။

 

အဆိုပါလူနာများမှာ ခွဲစိတ်လူနာ၊ ကင်ဆာလူနာ၊ လေဖြတ်လူနာတွေပါဝင်တဲ့အပြင် CT ရိုက်ခြင်း၊ Echo ရိုက်ခြင်း၊ သွေးစစ်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်း၊ ultrasound ရိုက်ခြင်း၊ မျက်စိ သွား စမ်းသပ်ခြင်း၊ ကျောက်ကပ်ဆေးခြင်း၊ လေ့ကျင့်ခန်းဖြင့် ကုသခြင်း၊ ကိုရင်လေးတွေအတွက် ဒက်ကုသပေးခြင်း၊ ဆရာတော်ကြီးများကို ကျောင်းတိုက်အရောက် ကျန်းမာရေးစောင့်ရှောက်ခြင်း စတဲ့ လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

MT