ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်သည့် သစ်တောဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံး၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁၂,၃၃၅) ဧကရှိသော နယ်မြေကို “ခါချဉ်တောင် ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာ အမှတ် ( ၅၃/ ၂၀၂၂) အရ ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် (၂၀၂၂ ခုနှစ်၊ မတ်လ ၁၁ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ခါချဉ်တောင်ကြိုးပြင်ကာကွယ်တောသည် ရေ၊ မြေထိန်းသိမ်း ကာကွယ်ခြင်း၊ ရာသီဥတုညီညွတ်မျှတစေခြင်း၊ မြေဆီမြေသားကောင်းမွန်ခြင်းနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း စသည့်လိုအပ်ချက်များကို သဘာဝ သစ်တောများမှသာ အထိရောက်ဆုံး ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် သဘာဝတောများကို အဓွန့်ရှည်စွာ တည်တံ့ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်း ဖြစ်ပါသည်။

ခါချဉ်တောင်ကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း သက်ရင်းကြီး၊ ကျားလက်ဝါး၊ လက်ထုတ်၊ ဆီးဖြူ၊ ဖန်ခါး၊ ခပေါင်း၊ မယနင်း၊ တောက်ရှောက်နွယ်၊ နနွင်းခါး၊ နွယ်ချို၊ ဆင်တုံးမနွယ် စသည့် ဆေးဖက်ဝင်အပင်များ ပေါများစွာပေါက်ရောက်ခြင်း၊ ဝက်ဝံ၊ မျောက်၊ တောဝက်၊ တောင်ဆိတ်၊ ဒေါင်း၊ ရစ်၊ သင်းခွေချပ်၊ တောခွေး၊ ချေ၊ ဖြူ၊ တောကြက်၊ တောကြောင်၊ရေကြက်၊ လိပ်စသည့်တိရစ္ဆာန်များ၏ ကျက်စားရာနေရာဒေသဖြစ်ခြင်း၊ ကျွန်း၊ ပျဉ်းကတိုး၊ တမလန်း၊ ယမနေ၊ သင်းဝင်၊ ထောက်ကြံ့၊ အင်၊ ကညင်ပင် စသည့်အဖိုးတန်သစ်မျိုးများ ပေါက်ရောက်ခြင်းနှင့် ချင်းတွင်းမြစ်၏ ရေဝေရေလဲဧရိယာဖြစ်ခြင်းတို့ကြောင့် ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြေညာခြင်း ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန