ခက်ခဲကြမ်းတမ်းသည့် ပြည်ပရောက်နေ့စွဲများ

မင်းသော်

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာ သွားရောက်အလုပ်လုပ်ကိုင်ရာကနေ အခက်အခဲတွေ အများကြီးကြုံတွေ့ရပြီး သက်ဆိုင်ရာကို အကူအညီတောင်းခံလာတဲ့ မြန်မာအမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားငါးဦးက ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းမှာ ဒူဘိုင်းမြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးရဲ့ ကူညီဆောင်ရွက်ပေးမှုနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စုမှာရှိတဲ့ ဒူဘိုင်းမြို့အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံအချို့မှာ အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာသွားတဲ့ မြန်မာအမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားအချို့ အလုပ်အကိုင် မရရှိတာ၊ အခြားသူတွေထံ ထပ်ဆင့်ပို့ဆောင်ခြင်းခံရတာနဲ့ ပိတ်လှောင်ထားကာ အတင်းအကျပ် စေခိုင်းခြင်းခံရတာမျိုးတွေအပါအဝင် အကြမ်းဖက်ခံရပုံနဲ့ လူကုန်ကူးခံရတဲ့အခြေအနေမျိုးတွေ၊ မြန်မာအစိုးရရဲ့ ကူညီကယ်ဆယ်ပေးနေမှုအခြေအနေတွေကို ယခုနောက်ပိုင်းမှာ ခပ်စိပ်စိပ် မြင်တွေ့ ရပါတယ်။

ပြည်တွင်းပွဲစားတွေရဲ့ အမျိုးမျိုးသော မက်လုံးတွေက ဒူဘိုင်းမရောက်ဖူးသေးတဲ့ မြန်မာအမျိုးသမီး များအဖို့ မက်လောက်စရာပါပဲ။ တစ်လကို မြန်မာငွေ ဆယ်သိန်းနဲ့အထက် ရရှိမယ်ဆိုတဲ့ မက်လုံးကြောင့် ပြည်ပကိုထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပွဲစားအများစုက ကုန်ကျစရိတ်အားလုံးကို ပက်ကေ့ချ်စနစ်နဲ့ ကြိုတင်ထုတ်ပေးလိုက်ပြီး သိန်း ၆၀ ဝန်းကျင် ကုန်ကျပါတယ်။ ပြည်ပထွက်ခွာဖို့ ကုန်ကျ စရိတ်ကို ပွဲစားကထုတ်ပေးပြီး နှစ်နှစ် သို့မဟုတ် တစ်နှစ် အလုပ်လုပ်ပါ့မယ်ဆိုတဲ့ စာချုပ်တွေချုပ်ဆိုကြရပါတယ်။ များသောအားဖြင့် အလုပ်သမားအများစုက စာချုပ်ထဲမှာပါတဲ့အလုပ်ခွင်ကို မရောက်ရှိခဲ့ကြပါဘူး။

ယူအေအီးက ငါးဦး ပြန်လည်ရောက်ရှိလာ

ဧပြီလ ၂၆ ရက်နဲ့ ၂၈ ရက်နေ့တို့မှာ ပြန်လည်ရောက်ရှိလာတဲ့သူ မပိုးအိခိုင်အပါအဝင် မြန်မာအမျိုးသမီးငါးဦးအနက် လေးဦးက ဒူဘိုင်းမှာရှိတဲ့ ပွဲစားတွေကနေ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအဆင့်ဆင့်ကို လက်လွှဲရောင်းချခံရသူတွေ တစ်နည်းအားဖြင့် လူကုန်ကူးခံရသူတွေ ဖြစ်ပါတယ်။ ကျန်တစ်ဦးကတော့ အိမ်ရှင်တွေနဲ့ အဆင်မပြေတဲ့အတွက် ပွဲစားကိုပြောတာကို ပွဲစားက တာဝန်မယူမဖြေရှင်းပေးတာ၊ ဒူဘိုင်းဘက်က အလုပ်အေဂျင်စီကလည်း မြန်မာနိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းခံထားရတာမို့ ဒူဘိုင်းမှာ ထွက်ပြေးနေရသူဖြစ်တယ်လို့ ဒူဘိုင်းရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက နိုင်ငံခြားရေးဝန်ကြီးဌာနကို သတင်းပေးပို့ချက်အရ သိရှိရပါတယ်။

မပိုးအိခိုင်အပါအဝင် ငါးဦးကို ဒူဘိုင်းမှာရှိတဲ့ ကောင်စစ်ဝန်ချုပ်ရုံးက ပြန်လည်ကယ်ဆယ်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကနေတစ်ဆင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး မြန်မာအမျိုးသမီးငါးဦးကို ပြန်လည်ခေါ်ယူဖို့ ညှိနှိုင်းခဲ့ပါတယ်။ ငါးဦးအနက် မပိုးအိခိုင်၊ မနှင်းနှင်းဌေးနဲ့ မဖြိုးသက်ခိုင်တို့ သုံးဦးက အယ်လ်အိန်းမြို့က ဟီလီရဲစခန်းမှာ ထိန်းသိမ်းခံနေရပြီး မခင်မျိုးဌေးနဲ့ မဇူးဇူးလှိုင်တို့ကတော့ ဒူဘိုင်းမြို့ရှိ အဆောင်တစ်ခုမှာ ခေတ္တနေထိုင်နေတာကို ကနဦး သိရှိခဲ့ရပါတယ်။

အမျိုးသမီးငါးဦးမှာ မပိုးအိခိုင်ဆိုသူက လွန်ခဲ့တဲ့ သုံးလဝန်းကျင်က ယူအေအီးကို ရောက်ခဲ့တာပါ။ မနှင်းနှင်းဌေးကတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ရောက်ရှိလာသူဖြစ်ပါတယ်။ သူတို့နှစ်ဦးက ရန်ကုန်မြို့ လှိုင်မြို့နယ်က ဒေါ်တင်တင်စီ (ရန်ကုန်ပွဲစား) ကနေ ဒူဘိုင်းမှာရှိတဲ့ ဒေါ်တင်တင်စီရဲ့သား ကျော်ဇေယျနဲ့ ဇနီးဖြစ်သူတို့ထံကို ရောက်ရှိလာခဲ့ပါတယ်။ ပွဲစားကျော်ဇေယျတို့ထံကနေ အဆင့်ဆင့် လက်လွှဲရောင်းချခံရပြီး အယ်လ်အိန်းမြို့က နေအိမ်တစ်အိမ်စီ တစ်ဦးက အလုပ်လုပ်နေပြီး တစ်ဦးက ခေတ္တနေထိုင်နေပါတယ်။

မခင်မျိုးဌေးနဲ့ မဇူးဇူးလှိုင်တို့ကတော့ လွန်ခဲ့တဲ့ ရှစ်လဝန်းကျင်က ယူအေအီးကို ရောက်ရှိခဲ့သူဖြစ်ပြီး ရန်ကုန်ပွဲစား ဖြူဖြူဝင်းရွှေ (သုဝဏ္ဏ) နဲ့ ရတနာဦး (ခ) မီးမီး ကျန်စစ်မင်းအိမ်ရာ၊ ဒူဘိုင်းပွဲစား ဟန်လင်းစိုးတို့နဲ့ ချိတ်ဆက်ရောက်ရှိလာတာပါ။ သူတို့ကလည်း ပွဲစားတွေထံကနေ အေဂျင်စီရုံးအဆင့်ဆင့် လက်လွှဲရောင်းချခံရပြီး ဒူဘိုင်းမြို့က အဆောင်တစ်ခုမှာ ခေတ္တနေထိုင်ခဲ့ရသူတွေဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ်သိမ်းဆည်းခံရ

မဖြိုးသက်ခိုင်ကတော့ ဒဂုံမြို့သစ်အရှေ့ပိုင်းက ပွဲစားသင်းနွယ်စိုးကနေတစ်ဆင့် ဒူဘိုင်းက Ajamn Tadbeer (ပွဲစား)ထံကို လွန်ခဲ့တဲ့သုံးလက ရောက်ရှိလာခဲ့ပါတယ်။ အိမ်ရှင်တွေနဲ့ အဆင်မပြေလို့ ပြန်လာတဲ့အခါ ပွဲစားဘက်က တာဝန်မယူတာ၊ နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းခံထားရတာ ကြောင့် ထွက်ပြေးလာခဲ့ပြီး ဒူဘိုင်းမြို့က မိတ်ဆွေတစ်ဦးထံမှာ ခေတ္တနေထိုင်ခဲ့သူဖြစ်ပါတယ်။

အမျိုးသမီးငါးဦးအတွက် အထောက်အထားလက်မှတ်များ ထုတ်ပေးနိုင်ရေးနဲ့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်နိုင်ဖို့စီစဉ်ရေး၊ လေကြောင်းလိုင်းနဲ့ ပြန်လည်ပို့ဆောင်ရေး၊ ရန်ကုန်လေဆိပ်မှာ အဆင်ပြေချောမွေ့စေရေးနဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ အလွတ်သဘောချိတ်ဆက် ရေးတွေကို ဒူဘိုင်းမြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရှိရပါတယ်။ ဒါကြောင့် မပိုးအိခိုင်အပါအဝင် ငါးဦးက ဧပြီလ ၂၆ ရက်နဲ့ ၂၈ ရက်တို့မှာ အမိမြေကို ပြန်လည်ခြေချခွင့်ရရှိခဲ့ကြပါတယ်။ မပိုးအိခိုင်အပါအဝင် ငါးဦးကိစ္စကို ဆောင်ရွက်ပေးစဉ်အတွင်းမှာပဲ အယ်လ်အိန်းမြို့ ဟီလီရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသမီးနှစ်ဦးကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ မစန္ဒာထွေးနဲ့ မအိရွှေစင်တို့ဖြစ်ကြပြီး အဆိုပါအမျိုးသမီးနှစ်ဦးကလည်း နေရပ်ပြန်နိုင်ဖို့ အကူအညီတောင်းခံထားပြီး အထောက်အထား လက်မှတ်တွေ ထုတ်ပေးတာ၊ နေရပ်ပြန်ဖို့ ညှိနှိုင်းမှုတွေကို ကောင်စစ်ဝန်ချုပ်ရုံးက ဆက်လက်လုပ်ဆောင်ပေးနေပါပြီ။

အလုပ်သမားများကို အဆင့်ဆင့်လက်လွှဲရောင်းချ

ပြည်တွင်းမှာ တရားမဝင်အေဂျင်စီအမည်နဲ့ လုပ်သားစေလွှတ်တာတွေရှိသလို ဒူဘိုင်းကို ရောက်နေပြီးသား မြန်မာအချို့ကလည်း လူမှုကွန်ရက်တွေပေါ်ကနေ အလုပ်အကိုင်ခေါ်ယူတာ တွေက မကြာခဏမြင်တွေ့နေရပါတယ်။ အချို့ကတော့ ဒူဘိုင်းလို့ ပြောဆိုခေါ်ယူပေမယ့် အခြားနိုင်ငံတွေဆီ ပို့ဆောင်ခံရပြီး တစ်နေရာတည်းမှာ ပိတ်လှောင်ထားတာ၊ အခကြေးငွေအနည်းငယ်နဲ့ အချိန်ပိုင်းအိမ်အကူအလုပ်လုပ်တာ၊ ရသမျှ လုပ်အားခကို ခေါင်းပုံဖြတ်တာတွေအပြင် အကြမ်းဖက်ခိုင်းစေတာနဲ့ အစာရေစာ ဝလင်အောင် မကျွေးမွေးတာတွေကိုပါ ကြုံတွေ့နေရပါတယ်။

ဒီလိုဒုက္ခမျိုးစုံကို ရင်ဆိုင်နေရတာ မြန်မာအမျိုးသမီးတွေချည်းမဟုတ်ပါဘူး။ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေမှာ အိမ်အကူအမျိုးသမီး နှစ်သန်းလောက် ရှိနိုင်ပြီး အိုမန်က အိမ်အကူအမျိုးသမီး ၄၀၀ကို Do Bold ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ လူမှုရေးအဖွဲ့က စာရင်းကောက်ယူရာမှာ စစ်တမ်းတစ်ခုလုံးရဲ့ ရာနှုန်းပြည့်နီးပါးက လူကုန်ကူးမှုရဲ့ သားကောင်တွေဖြစ်နေတာကို တွေ့ရှိရပါတယ်။ အချို့အိမ်အကူတွေက အိမ်ရှင်တွေရဲ့ လိင်သားကောင်ဘဝကိုပါ ရောက်ရှိခဲ့ရပြီး အများစုကတော့ အကြမ်းဖက်ခံရတာ၊ အလုပ်ချိန်များပြားတာနဲ့ ဖိနှိပ်စေခိုင်းတာ၊ လုပ်အားခခေါင်းပုံဖြတ်တာ၊ ပိတ်လှောင်ခံရတာ၊ တစ်နေ့ကို ထမင်းတစ်နပ်မျှသာကျွေးတာ စသည် ဖြင့် ဒုက္ခမျိုးစုံ ကြုံတွေ့ရတတ်ပါတယ်။ အဆင့်ဆင့်လက်လွှဲရောင်းချခြင်းခံရတဲ့အတွက် မိမိရောက်ရှိနေတဲ့နေရာကိုတောင် အချို့က မသိနိုင်ကြတော့ဘဲ ခိုးကြောင်ခိုးဝှက် ဆက်သွယ်အကူအညီတောင်းခံနေကြသူတွေ အများအပြားရှိပါတယ်။

“လေယာဉ်ပေါ်က ဆင်းချိန်မှာတော့ စိတ်ကူးအိပ်မက်တွေအပြည့်ပဲ။ ကမ္ဘာကျော် တာဝါကြီးကို ကြည့်ရင်း မိုးမျှော်တိုက်တွေအကြားမှာ အကောင်းဆုံး အလုပ်လုပ်ပြီး အိမ်အတွက် ငွေရှာမယ်လို့ ရည်ရွယ်ထားပေမယ့် အေဂျင်စီကို စရောက်ကတည်းက အထင်နဲ့အမြင်လွဲခဲ့တာပဲ။ ပြန်လည်ခေါ်ယူပေးလို့ နိုင်ငံတော်ကို ကျေးဇူးတင်ပါတယ်။ ကံကောင်းလို့သာ အမိမြေကို ခြေချခွင့်ရခဲ့တယ်” လို့ မဖြူဖြူ (အမည်လွှဲ) က ဆိုပါတယ်။

မြန်မာအမျိုးသမီးတွေ ထပ်မလာစေချင်တော့

လက်ရှိမှာလည်း လူမှုကွန်ရက်ကနေ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ အိမ်အကူအလုပ် လုပ်ကိုင်ရမယ်ဆိုပြီး ခေါ်ယူမှုတွေကို မြင်တွေ့နေရဆဲဖြစ်ပြီး နေ့စဉ်နှင့်အမျှ ကြမ်းတမ်းတဲ့နေ့ရက်တွေကို ရင်ဆိုင်နေရလို့ ထပ်မလာဖို့ ရင်ဖွင့်ကြတဲ့ မြန်မာအမျိုးသမီးတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာ တွေပေါ်မှာ မြင်တွေ့နေရပါတယ်။ အချို့ကတော့ စနစ်တကျနဲ့ စာချုပ်စာတမ်း ခိုင်ခိုင်မာမာချုပ်ဆိုပြီး သွားရောက်နိုင်ဖို့ မျှော်လင့်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။

“အချို့အိမ်ရှင်တွေကတော့ သဘောကောင်းတယ်။ ထမင်းဝဝလင်လင်ကျွေးပြီး လုပ်ခလစာလည်း အပြည့်ပေးတယ်။ ဒါကရှားရှားပါးပါးပါ။ ကိုယ့်ဘက်ကလည်း နေထိုင်တတ်ဖို့လိုတာပေါ့။ သူများနိုင်ငံကို ရောက်ပြီးမှတော့ လုပ်ခလစာရဖို့လိုတယ်။ သူတို့ရဲ့ ဓလေ့စရိုက်၊ သူတို့ဥပဒေတွေနဲ့ အပြန်အလှန်ဆွေးနွေးပြောဆိုနိုင်ဖို့ ဘာသာစကားတတ်ကျွမ်းကြဖို့လည်းလိုတယ်။ အိမ်ရှင်တွေကလည်း အခကြေးငွေပေးထားတဲ့အတွက် သူတို့ပေးထားတာတွေ မကျေမချင်း ပြန်မလွှတ်ကြဘူး။ ပွဲစားက ကြားထဲကနေ ခေါင်းပုံဖြတ်တာက ဒီမှာအဆိုးဆုံးပဲ။ ယူအေအီးဘက်ကို အလုပ်လုပ်မယ်ဆိုရင် သေသေချာချာ စဉ်းစားဆုံးဖြတ်ပါ။ ဖြစ်နိုင်ရင်တော့ မြန်မာအမျိုးသမီးတွေ ထပ်မလာစေချင်တော့ဘူး”လို့ မဖြူဖြူက ဆက်ပြောပါတယ်။

ပြည်ပနိုင်ငံတွေဆီ သွားရောက်အလုပ်လုပ်ကိုင်ကြတာနဲ့စပ်လျဉ်းလို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက အသိပညာပေးခြင်း၊ သတိပေးနှိုးဆော်ချက်တွေ ထုတ်ပြန်တာ၊ အလုပ်သမားတွေရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို သင်ခန်းစာယူဖို့ အသိပေးတာတွေကို ဆက်တိုက်လုပ်ဆောင်နေကြတာကို မြင်တွေ့ရပါတယ်။ သို့သော်လည်း တရားမဝင်အေဂျင်စီတွေနဲ့ချိတ်ဆက်ပြီး ပြည်ပသို့ နည်းအမျိုးမျိုးနဲ့ ထွက်ခွာကြသူတွေ ရှိနေဆဲပါ။ တစ်ဖက်ကို ရောက်ရှိပြီးနောက်မှာတော့ ဘာသာစကား အားနည်းတာ၊ လုပ်ငန်းကျွမ်းကျင်မှုအားနည်းတာ၊ ဆိုက်ရောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှု၊ ရာသီဥတု၊ အစားအသောက်၊ ဓလေ့ထုံးစံတွေနဲ့ အံဝင်ခွင်ကျမဖြစ်တာ၊ တရားမဝင်အေဂျင်စီတွေရဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေကို ခံစားရတာစတဲ့အကြောင်းတွေကြောင့် ယူအေအီးအပါအဝင် အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေမှာ ဒုက္ခရောက်၊ အခက်အခဲကြုံနေရသူတွေ အများအပြားကျန်ရှိနေသေးတယ်လို့လည်း သိရှိရတာမို့ ဆင်ခြင်သတိပြုနိုင်စေဖို့ ရေးသားတင်ပြလိုက်ရပါတယ်။ ။