ရန်ကုန် ၁၉ နိုဝင်ဘာ
အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၊American Bar Association (ABA)မှ တရားဥပဒေ စိုးမိုးရေး ဦးဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတို့ ပူးပေါင်း၍ ခက်ခဲရှုပ်ထွေးသောနယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှုဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ “Regional Workshop on International Cooperation in complex, cross-border corruption cases” ကို ယနေ့နံနက်(၉)နာရီခွဲတွင် ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား၌ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ တရားမဝင်ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှုတို့သည် နိုင်ငံအားလုံးရှိ လူ့အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားများ ဖြစ်ကြောင်း၊ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက်လည်းရှိရာ ယင်းတို့နှင့် နိုင်ငံ၏ တရားဝင်ပုံမှန်စီးပွားရေး ဆက်စပ်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုသည် အဆိုပါပြစ်မှုများကျူးလွန်နိုင်မှုကို လွယ်ကူစေသည်သာမက နိုင်ငံ၏ ပုံမှန်စီးပွားရေးအပေါ် သက်ရောက်မှုတွင် ဗဟိုကျသော အစိတ်အပိုင်းလည်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် တရားမဝင် စီးပွားရေးနှင့် တရားမဝင် လူဝင်ထွက်မှုတို့ကို ပိုမိုလွယ်ကူစေသည့်အပြင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွင် မငြိမ်သက်မှုများဖြစ်ပေါ်စေပြီး တရားဥပဒေစိုးမိုးရေးကို အားနည်းစေခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို တန့်စေခြင်း၊ နိုင်ငံ၏ဖွံ့ဖြိုးရေးရန်ပုံငွေများကို လမ်းလွဲသွားစေခြင်းကြောင့် ဆင်းရဲနွမ်းပါးသူများအပေါ် ပိုမိုထိခိုက်စေခြင်းများ ဖြစ်ပေါ်စေကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစွမ်းဆောင်ရည် မအောင်မြင်မှုနှင့် ဆင်းရဲမှုနှုန်း မြင့်မားခြင်းတို့သည် အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများဖြစ်ပြီး နောက်ဆုံးတွင်အစိုးရနှင့် အစိုးရအဖွဲ့အစည်းများအပေါ် နိုင်ငံသားများ၏ ယုံကြည်မှုကို လျော့ပါးစေနိုင်ပါကြောင်း။
များစွာမကြာသေးမီယခင် အပတ်က နိုင်ငံတော်သမ္မတရုံးသည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဆိုင်ရာအမိန့် (အမိန့်အမှတ်၊ ၄၅ /၂၀၁၉)ကို နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီး တည်ဆဲငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို အားဖြည့်ပေးခဲ့ကြောင်း၊ အဆိုပါအမိန့်အရ ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ဆောင်ရွက်ရမည့် တာဝန်များ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အာဏာပိုင် အဖွဲ့အစည်းများနှင့် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုဆိုင်ရာ သတ်မှတ်ချက်များကိုလည်း ဖော်ပြထားရာ နိုင်ငံတော်အဆင့်တွင် ယင်းသို့ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနေသည့်အချိန်နှင့် ယခုအလုပ်ရုံဆွေးနွေးပွဲကျင်းပသည့် အချိန်တို့မှာ တိုက်ဆိုင်လှသည်ဟု ဆိုနိုင်ပါကြောင်း။
ထိုသို့ ရှုပ်ထွေးသည့် ပြဿနာကို ဖြေရှင်းနိုင်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ခြင်းထက် ပိုမိုသည့် ကြိုးပမ်းအားထုတ်မှုများ နိုင်ငံတော်သမ္မတရုံး၏ အမိန့်တွင် မှန်ကန်စွာ ထောက်ပြထားသည့်အတိုင်း ကောင်းမွန်ကျနသော ချဉ်းကပ်မှုများ လိုအပ်မည်ဟုသုံးသပ်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင်သာမက နိုင်ငံအများစုတွင်လည်း ဤသို့ရှုပ်ထွေးနက်နဲသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရမည့် အဖွဲ့အစည်းများတွင် လုံလောက်သည့် အရင်းအမြစ်မရှိသည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု၊ အကြမ်းဖက်မှု၊ သောင်းကျန်းသူ နှိမ်နှင်းရေး၊ ငွေကြေးခဝါချမှု၊ အဂတိလိုက်စားမှုတို့ကို တိုက်ဖျက်နေသည့် အင်စတီကျူးရှင်းများသည် ဒေသအဆင့်တွင်မဆိုထားနှင့် နိုင်ငံတစ်နိုင်ငံအတွင်းမှာပင် ကောင်းစွာ ညှိနှိုင်းပေါင်းစပ်မှုမရှိခြင်းကြောင့် ဤစိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း။
ထို့ကြောင့် အပြန်အလှန်ချိတ်ဆက်မှုရှိနေသည့် နယ်စပ်ဖြတ်ကျော် မှုခင်းများနှင့် အဂတိလိုက်စားမှုတို့၏ ချိတ်ဆက်နေသော ပြဿနာတို့ကို ဖြေရှင်းရာတွင် နိုင်ငံတစ်နိုင်ငံတည်း၏ တုံ့ပြန်ဆောင်ရွက်မှုထက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဘက်ပေါင်းစုံနည်းလမ်းဖြင့် ချဉ်းကပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တစ်နိုင်ငံချင်းအလိုက် တုန့်ပြန်ဆောင်ရွက်ခြင်းထက် နိုင်ငံတကာအဆင့်တွင် အဖွဲ့အစည်းအချင်းချင်း၏ ကြိုးပမ်းမှုကို စုစည်းရရှိနိုင်ရန်လိုအပ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးမှ Country Manager, Mr. TroelsVester က ၂၀၁၉ ခုနှစ်တွင် ကော်မရှင်မှ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှုများ များစွာဆောင်ရွက်ခဲ့ပြီးဖြစ်ပါ၍ ကော်မရှင်အပေါ် အများပြည်သူ၏ ယုံကြည်မှုမြင့်တက်လာပြီး တိုင်ကြားစာများအရေအတွက် များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အာဂျင်ဒါသည် ဆင်းရဲနွမ်းပါးမှု ပပျောက်ရန်နှင့် လူမှုဘဝဂုဏ်သိက္ခာရှိရန် ရည်ရွယ်ပါကြောင်း၊ တရားမဝင် ငွေကြေးစီးဆင်းမှုများ လျှော့ချခြင်းနှင့် ခိုးရာပါပိုင်ဆိုင်မှုများ ပြန်လည်သိမ်းယူခြင်းများ ဆောင်ရွက်ရန်နှင့် အဂတိလိုက်စားမှုများအား ဘက်ပေါင်းစုံမှ တိုက်ဖျက်ရန် လိုအပ်ပါကြောင်း၊ အခြားအမှုကိစ္စရပ်များတွင် အဂတိလိုက်စားမှု ကျူးလွန်သူများနှင့် ကြံရာပါများသည် ၎င်းတို့အား အရေးယူခြင်းမပြုလုပ်နိုင်ရန် နိုင်ငံရပ်ခြားတွင် ပုန်းအောင်နေထိုင်ခြင်းများရှိပါကြောင်း၊ နိုင်ငံရပ်ခြားရှိ ကုမ္ပဏီများ ကိုယ်စားကြားခံပွဲစားများမှ အစိုးရအရာရှိများထံ လာဘ်ပေးမှုများ ရှိနေသဖြင့် ဒေသတွင်း အမှုကိစ္စရပ်များသည် နိုင်ငံရပ်ခြား လာဘ်ပေးလာဘ်ယူမှု ရှုထောင့် (UNCAC အပိုဒ် ၁၆) ကို ဖော်ပြလျက်ရှိပါကြောင်း၊ ကွန်ဗင်းရှင်းကို ဒေသတွင်းနိုင်ငံများအားလုံးက အတည်ပြုခဲ့ပြီး အများပြည်သူဆိုင်ရာ ဝယ်ယူရေးကဏ္ဍတွင် အဂတိ လိုက်စားမှုများ မဖြစ်ပေါ်စေရန် အရေးကြီးသော အချက်များပါဝင်ပါကြောင်း၊
ကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်ရွက်မှု ပြန်လည်သုံးသပ်ခြင်းနှင့် အကဲဖြတ်ခြင်းများတွင် ဒေသတွင်းရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီများနှင့်အတူ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့များကို အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း၊ ခေတ်သစ် စုံစမ်းစစ်ဆေး ရေးနည်းလမ်းများ အသုံးချရန် အရည်အသွေးနည်းပါးခြင်းနှင့် အဂတိလိုက်စားမှု အေဂျင်စီများနှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့များအကြား ချိတ်ဆက်ဆောင်ရွက်မှု အားနည်းခြင်းများ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၉ ခုနှစ် ဇွန်လတွင် အရှေ့တောင်အာရှရှိ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးအတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလက်စွဲစာအုပ်ကို ထုတ်ဝေခဲ့ပါကြောင်း၊ ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးအတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နည်းလမ်းများကို သိရှိနားလည်သွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်းဗင်းရှင်းဆိုင်ရာ လိုအပ်ချက်များအပေါ် ခြုံငုံသုံးသပ်ခြင်း၊ အဂတိလိုက်စားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများတွင် နိုင်ငံတကာရှုထောင့်များနှင့် ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အခန်းကဏ္ဍ၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံတကာ အဆင့်တွင် ငွေကြေးလွှဲပြောင်းမှုများနှင့် ဖုံးကွယ်မှုများ၊ ပြည်ပလာဘ် ပေးလာဘ်ယူမှုများတွင် စုံစမ်းစစ်ဆေးရေး ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲသို့ UNODC ၊ American Bar Association (ABA)နှင့် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများမှ ပညာရှင်များ၊ ဥပဒေရေ:ရာ အပြန်အလှန် အကူအညီပေးရေး အာဏာပိုင်အဖွဲ့အစည်းများ၊ တရားစွဲဆိုရေး၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နှင်းရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းများမှ အဆင့်မြင့်ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေ:ဝန်ကြီးဌာန နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီးနှင့် ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


