၂၆ မေ

ချက်ပြည်သူ့သမ္မတနိုင်ငံနဲ့ စလိုဗက်ကီးယား နိုင်ငံတွေရဲ့ နယ်စပ်ဂိတ်တွေဟာ ဒီသီတင်းပတ်မှာ ပြန်ဖွင့်ပေးမှာ ဖြစ်ပြီး နှစ်နိုင်ငံကြားမှာ ခရီးသွားလာနေထိုင်ခွင့် ၄၈ နာရီ ရရှိမယ်လို့ ချက်ဝန်ကြီးချုပ်က မနေ့က ပြောကြားလိုက်ပါတယ်။

 

နှစ်နိုင်ငံကြားက ဂိတ်တွေကို မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး နှစ်နိုင်ငံကြားမှာ သီးခြားစောင့်ကြည့်မှုနဲ့ ဗိုင်းရပ်စ်ပိုး စမ်းသပ်မှုတွေ မရှိဘဲ အလွတ် ဖွင့်ပေးမယ်လို့ သိရပါတယ်။

 

ချက်ပြည်သူ့သမ္မတနိုင်ငံ နဲ့ စလိုဗက်နိုင်ငံတွေဟာ  တစ်နိုင်ငံတည်းအဖြစ် ၁၉၉၃ အထိ အတူရှိနေတာဖြစ်ပြီး ချက်ဝန်ကြီးချုပ်ဟာ စလိုဗက်ရဲ့ မြို့တော်မှာ မွေးဖွားသူဖြစ်ပါတယ်။ ချက်နဲ့ စလိုဗက်ကီးယားနိုင်ငံတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးတဲ့ အရေအတွက်နည်းတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

 

ချက်နိုင်ငံရဲ့တခြားနယ်စပ်ဂိတ်တွေဖြစ်တဲ့ ဩစတြီးယား နဲ့ ဂျာမနီ နယ်စပ်ဂိတ်တွေကို ဒီကနေ့ (အင်္ဂါနေ့)မှာ ဖွင့်လှစ်ပေးမှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကင်းရှင်းကြောင်း စစ်ဆေးမှု လိုအပ်ကြောင်း သိရပါတယ်။

 

ချက်နိုင်ငံကို လာရောက်မယ့် ဉရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံသားတွေမှာ စီးပွားရေးကိစ္စနဲ့ မိသားစုတွေ့ဆုံရေးကိစ္စတွေအတွက် ဗိုင်းရပ်စ်ပိုးကင်းရှင်းကြောင်း ထောက်ခံစာနဲ့ ၇၂ နာရီ လာရောက်ခွင့် ရှိပါတယ်။

 

ချက်ကျန်းမာရေးဝန်ကြီးက မတ်လလယ်က ပြဋ္ဌာန်းထားတဲ့ အသွားအလာကန့်သတ်ရေးတွေကို ဖယ်ရှားသွားဖို့ကို အစိုးရတွေ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

 

ချက်နိုင်ငံတွင်းက ဘားတွေ၊ ဟိုတယ်တွေ၊ ရဲတိုက်တွေ၊ တိရစ္ဆာန်ဉယျာဉ်နဲ့ ရေကူးကန်တွေကို တနင်္လာနေ့က စပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ ချက်နိုင်ငံသားတွေကိုလည်း အိမ်အပြင်ထွက်ရင် မျက်နှာဖုံးဝတ်ဖို့ မလိုအပ်ပေမယ့် ဈေးဆိုင်တွေနဲ့ အများသုံးယာဉ်တွေအသုံးပြုရင်တော့ မျက်နှာဖုံးဝတ်ဆင်ဖို့ လိုအပ်တာကိုတွေ့ရပါတယ်။

MDN
ကိုးကား - AFP