ခလုတ်အစားထိုး အသံအတိုးအကျယ်လုပ်နိုင်တဲ့ Volume Control အက်ပလီကေးရှင်း

 

ဖုန်းအသုံးပြုသူတွေအနေနဲ့ အသံအတိုးအကျယ်အတွက် ဟာ့ဒ်ဝဲခလုတ်တွေကို   အများဆုံး အသုံးပြုကြရာမှာ အချိန်ကြာတဲ့အခါ ခလုတ်တွေပျက်လာလေ့ရှိပါတယ်။ အသံအတိုးအကျယ်ခလုတ် ပျက်နေရင်ဖြစ်စေ၊ မပျက်သေးပေမယ့် ခလုတ်တွေ ကြာရှည်ခံအောင် ခလုတ်အစားထိုး သုံးစွဲဖို့ဖြစ်စေ ရိုးရိုးရှင်းရှင်းနဲ့ အသုံးဝင်တဲ့ အက်ပလီကေးရှင်းတစ်ခုက KR Editor ကထုတ်ထားတဲ့ Volume Control ဆိုတဲ့ အက်ပလီကေးရှင်းဖြစ်ပါတယ်။

 

ဒီအက်ပလီကေးရှင်းမှာ ဖုန်းရဲ့မတူညီတဲ့ အသံစနစ်တွေဖြစ်တဲ့ ဖုန်းဝင်လာရင် မြည်တဲ့အသံ၊ ဖုန်းပြောတဲ့အသံ၊  မီဒီယာဖိုင်တွေ ဖွင့်တဲ့အသံနဲ့ Alarm မြည်သံတွေကို ခလုတ်မသုံးဘဲ အလွယ်တကူ အတိုးအကျယ် လုပ်နိုင်တဲ့အပြင် အသံအားလုံးကို အကျယ်ဆုံး ပြောင်းတာ၊ Vibrate လုပ်တာနဲ့ Mute  လုပ်တာတွေကိုလည်း တစ်ချက်နှိပ်ရုံနဲ့တင် ပြောင်းလဲနိုင်ပါတယ်။

 

ပလေးစတိုးမှာ Volume Control အက်ပလီကေးရှင်းတွေ အများအပြားရှိပေမယ့် အများစုဟာ အက်ပလီကေးရှင်း icon ကိုနှိပ်ပြီးမှ အက်ပလီကေးရှင်းထဲ ဝင်သုံးရတာမျိုးတွေဖြစ်လို့ အဆင်မပြေပါဘူး။ KR Editor ရဲ့ အက်ပလီကေးရှင်းကတော့ ဖုန်းရဲ့ Notification Panel မှာပါ လုပ်ဆောင်ချက်တွေကို ထုတ်ပေးထားတာကြောင့် အခြားအက်ပလီကေးရှင်းတွေ၊ ဂိမ်းတွေသုံးနေရင်း ထွက်သွားစရာမလိုဘဲ အသံတိုးတာ ကျယ်တာ လုပ်နိုင်ပါတယ်။ ဒီအက်ပလီကေးရှင်း ကို Volume Control KR Editor လို့ ရိုက်ရှာနိုင်ပါတယ်။ ဖိုင်အရွယ် အစားက 2MB လောက်ပဲရှိပြီး အန်းဒရွိုက်ဗားရှင်း 4.2 နဲ့အထက် အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

 

ကျော်ဇင်ဦး