မန္တလေး ၂၅ နိုဝင်ဘာ

 

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အဆင့် မူလတန်းနှင့် အလယ်တန်း သင်္ချာနှင့် အင်္ဂလိပ်စာ ဘာသာရပ်များ စွမ်းရည်ပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက်က သက်ဆိုင်ရာ ကျောင်းများတွင် အသီးသီးကျင်းပပြုလုပ်သည်။ 

 

ထိုသို့ကျင်းပပြုလုပ်ရာတွင် သင်္ချာစွမ်းရည်ပြိုင်ပွဲကို နံနက် ၉ နာရီမှ ၁၀ နာရီခွဲအထိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ စတုတ္တတန်းမှ အဋ္ဌမတန်းအထိ ကျောင်းသား ကျောင်းသူ (၂၄၃)ဦး ဖြေဆိုခဲ့ကြသည်။

 

အလားတူ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို နံနက် ၉ နာရီမှ ၁ဝ နာရီအထိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ရာ ကျောင်းသား ကျောင်းသူ (၂၃၅)ဦး ဖြေဆိုကြပြီး မွန်းလွဲပိုင်းတွင် နှုတ်ဖြေစစ်မေးခဲ့သည်။ 

 

အဆိုပါပြိုင်ပွဲ ကျင်းပရာသို့ မြို့နယ်ပညာရေးမှူး ဦးစန်းယု၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးအောင်ဆန်းဝင်းတို့မှ လိုက်လံစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့်  ဆရာ၊ ဆရာမများမှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

တင်မောင်(မန်းကိုယ်ပွား)