နေပြည်တော် ၂ ဇန်နဝါရီ
ချမ်းအေးသာစံမြို့နယ်တွင် အရက်အတုပြုလုပ်ရာ၌ အသုံးပြုသော ပစ္စည်းများနှင့်အတူ တံဆိပ်မျိုးစုံပါ အရက်ပုလင်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မူးယစ်ဆေးဝါး ဖမ်းဆီးရေးအဖွဲ့ခေါင်းဆောင် ရဲမှူးစိုးအောင်နှင့် ချမ်းအေးသာစံ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁ ရက် မွန်းတည့် ၁၂ နာရီက သက်သေများနှင့်အတူ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ အကွက်(၆၁၉)၊ မန်းမြို့တော်ပေါက်စီဆိုင် နောက်ကျောရှိ တိုက်ခန်း အမှတ်(၁) နေကိုတူး၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ကိုတူး (ခ) ထွန်းဦးအား အသင့်တွေ့ရှိရပြီး နေအိမ်ပထမထပ် အခန်းအလယ်တွင် အရက်အတုပြုလုပ်ရာ၌ အသုံးပြုသော ပုလင်းအဖုံးခွံများ၊ ရေစစ်များ၊ ဘောသီးပါ ပလပ်စတစ်ဘူးဆို့များ၊ ဝါရှာပြားများ၊ Black Label, Red Label, Gold Label, High Commissioner, Dunfife, Ballantines, Glan Master စာတမ်းတံဆိပ်ပါ စာရွက်များ၊ နိုင်ငံခြားထုတ်တံဆိပ်များပါ အရက်အတုဟု ယူဆရသော တံဆိပ်မျိုးစုံပါ အရက်ပုလင်း (၅၇၆ဝ) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ်၂၃၅ဝဝဝဝဝ ခန့်အား သိမ်းဆည်းရမိခဲ့သဖြင့် ကိုတူး (ခ) ထွန်းဦးအား ချမ်းအေးသာစံမြို့မတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)