မန္တလေး ၂၆  နိုဝင်ဘာ

 

မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် ဝက်သက် - ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၈)နာရီခွဲမှ စတင်ကာ  ရပ်ကွက်များတွင် ကျန်းမာရေးဌာနမှ ဆရာမများ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

 

 “ ဝက်သက်ရောဂါကို ၂၀၂၃ခုနှစ်တွင် ဝက်သက်ကင်းစင်ရေးဆိုတဲ့ WHOရဲ့ ရည်မှန်းချက်အရ နည်းဗျူဟာ (၅)ခု ရေးဆွဲထားပါတယ်။ အဲထဲက နံပါတ်နှစ် နည်းဗျူဟာဖြစ်တဲ့ ၃နှစ်တစ်ကြိမ်၊ ၄နှစ် တစ်ကြိမ် ကာကွယ်ဆေးထိုးဖို့ ကျန်ရှိနေတဲ့ ကလေးတွေကို အပိုဆောင်း ထိုးပေးတာဖြစ်ပါတယ်။ ” ဟု ကျန်းမာရေးမှူး အဆင့်-၁ ဦးသန်းဝင်းက ပြောသည်။

 

အဆိုပါ ဝက်သက် - ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးပေးခြင်းကို နိုဝင်ဘာလ ၂၆ရက်မှ ၂၈ ရက်နေ့ အထိ အသက် ၉လမှ ၅နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား ထိုးပေးသွားမည်ဖြစ်ကြောင်း၊ ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ ကလေးဦးရေ (၉၂၃၉)ဦးအား ကာကွယ်ဆေး ထိုးပေးသွားမည် ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံအဖွဲ့ ၂၂ဖွဲ့နှင့် စေတနာ့ဝန်ထမ်း ၈၄ဦးတို့က ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၀)တွင် ကာကွယ်ဆေးများထိုးပေးကြကြောင်း သိရသည်။

 

တင်ဇာလှိုင် (ပြန်/ဆက်)