မန္တလေး နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ချမ်းအေးသာစံနှင့် အောင်မြေသာစံမြို့နယ်ရှိ အထက(၅)၊ အလက(၇)၊ အထက(၁) အခြေခံပညာ ကျောင်းများသို့သွားရောက်၍ ကျောင်းများဖွင့်လှစ် ရန်ပြင်ဆင်ထားမှုကို လိုက်လံကြည့်ရှုပြီး ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် တွေ့ဆုံသည်။

စနစ်တကျဆောင်ရွက် တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုအခါ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု သိသာစွာကျဆင်းလာသည့်အတွက် နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အစီအမံများဖြင့် ကျောင်းများပြန်လည် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကျောင်းလာတက်သူများတွင် ကာကွယ်ဆေး မထိုးနှံရသေးသူများရှိပါက ကာကွယ်ဆေး ထိုးနှံပေးရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျောင်းများဖွင့်လှစ်သင်ကြားသည့် ကာလအတွင်း ကျောင်းများ၏လုံခြုံရေး၊ သင်ကြားရေး ဝန်ထမ်းများ၏ လုံခြုံရေး၊ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာသင်ကြားနိုင်ရေးအတွက် ကျောင်းဝင်းလုံခြုံရေး အစီအမံများကို ကျောင်းအုပ် ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များဖြင့် စနစ်တကျ ဆောင်ရွက်ထားရန်လိုအပ်ပြီး ကျောင်းပြင်ပလုံခြုံရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မိမိ၏ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ်ရေး၊ သင်ကြားမှု ကောင်းမွန်ရေးအတွက် အားလုံးတက်ညီလက်ညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားမှုများ၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ လုံခြုံရေးနှင့် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ထားမှုများကို လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်