ခမောက်ကြီး ၂၆ ဧပြီ
ကော့သောင်းခရိုင်၊ခမောက်ကြီးဒေသအတွင်းရှိ ထိုင်း-မြန်မာနယ်စပ် ပါကလပ်ဒေသနှင့်ထိစပ်နေသော ကျေးရွာများဖြစ်ကြသည့် အောင်သာယာ၊ အေးမြသာယာ၊ ဝိုင်ဒင်း၊ အေးမြမင်္ဂလာနှင့် မြိုင်သာယာကျေးရွာငယ်များသည် လုံးဖောကျေးရွာအုပ်စုအတွင်း၌ရှိပြီး အဆိုပါကျေးရွာများသို့ ခမောက်ကြီးမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီသည် ဧပြီ ၂၅ ရက်နေ့တွင် လုံခြုံရေးနှင့်ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြောင်း သိရသည်။
ခမောက်ကြီးမြို့၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်ဦးစီး၍ သက်ဆိုင်ရာဌာနဆိုင်ရာများ လိုက်ပါလျက် ပါချန်မြစ်ကျဉ်းတစ်ခုသာ ခြားထားသည့် တစ်ဖက်နိုင် ပါကလပ်ဒေသနှင့် ထိစပ်နေသောကျေးရွာများနှင့်အနီးတစ်ဝိုက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဒေသခံပြည်သူများကျန်းမာရေး အသိရှိကြရန်၊ တစ်ဘက်နိုင်ငံမှ မိမိတို့ နယ်မြေအတွင်းသို့ခိုးဝင်၊ ခိုးထွက်မပြုလုပ်ကြဘဲ တရားဝင်ဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ်မှသာဝင်/ ထွက်ကြရန်၊ ည(၁၀)နာရီမှ နံနက်(၄)နာရီအတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ လူစုလူဝေးများ မပြုလုပ်ကြရန်ထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် လုံခြုံရေးစည်း ကျိုးပေါက်မှု မရှိစေရေး အထူးဂရုစိုက်ကြရန် မှာကြားကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ခမောက်ကြီမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီသည် အဆိုပါကျေးရွာများ မှ နေ့ညမပြတ်လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ပုဂ္ဂိုလ်များအတွက် ဆန်(၂)အိတ်၊ အပူချိန်တိုင်းကိရိယာ သာမိုမီတာ(၁)ခု၊ နှာခေါင်းစည်း အခု(၁၀ဝ)နှင့်ဆပ်ပြာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး နမ်မတွန် ရှေ့တန်းတပ်စခန်းမှ တာဝန်ရှိသူနှင့်လည်း ပူးပေါင်းဆောင်ရွက်ပေးရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
နန့်လေးလေး(ခမောက်ကြီးပြန်/ဆက်)


