ခမောက်ကြီး ၁၁ ဩဂုတ်
ကော့သောင်းခရိုင် ခမောက်ကြီးမြို့၊ လုံးဖောကျေးရွာတွင် ယနေ့နံနက် ၉ နာရီမှ စတင်ကာ နေအိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
လုံးဖောကျေးရွာသည် ပါချန်မြစ်ကမ်းနံဘေးတွင်တည်ရှိပြီး ယနေ့နံနက် ၄ နာရီမှ စတင်၍ မြစ်ရေတက်ကာ အနိမ့်ပိုင်း နေအိမ်များအတွင်းသို့ သုံးပေခန့် ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
လုံးဖောကျေးရွာ အနိမ့်ပိုင်း၌ အိမ်ခြေ ၄၁ အိမ်ခန့်ရှိပြီး ပင်လယ်ရေတက်လာချိန်နှင့် တောင်ကျချောင်းရေ စီးဆင်းလာမှုကြောင့် အိမ်ခြေ ၂၀ ခန့် ရေဝင်ရောက်လျက်ရှိပြီး တစ်ထပ်အိမ်များအား နီးစပ်ရာကုန်းမြင့်အိမ်များသို့ ပြောင်းရွှေ့နေထိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ပါချန်မြစ်ကမ်းနံဘေးရှိ ကျေးရွာများသည် မိုးရာသီအချိန် ရောက်ရှိပါက ကြုံတွေ့ရသော ဖြစ်စဉ်တစ်ခုကဲ့သို့ ဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောကြားပြီး မိုးဆက်လက်ရွာသွန်းပါက ရေတက်လာနိုင်ကြောင်း ခမောက်ကြီး ပြန်/ဆက်မှ သိရသည်။
MDN


