ခမောက်ကြီး   ၂၄   အောက်တိုဘာ

 

ကော့သောင်းခရိုင် ခမောက်ကြီးမြို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ စေတနာရှင် ပြည်သူများ၏ လှူဒါန်းမှုဖြင့် ခွေးရူးပြန် ရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီတွင် ခမောက်ကြီးမြို့၊ အမှတ်(၁) ရပ်ကွက် ပြည်ထောင်စု လမ်းမကြီးနှင့် မြခွာညို လမ်းဆုံ၌ စတင်ထိုးနှံပေးခဲ့သည်။

 

ခွေးရူးပြန် ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ရာတွင် လက်ထောက်ကြီးကြပ်ရေးမှူး၊ ဦးခင်မောင်ထွေးက ပြည်သူများအား ခွေးရူးပြန်ရောဂါနှင့် ပတ်သက်သည့် အကြောင်းများ၊ ခွေးရူးပြန် ကာကွယ်ဆေး ထိုးနှံရခြင်း၏ အကျိုးသက်ရောက်ပုံများကို အသိပညာပေး ပြောကြားပြီး ခွေးများအား ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးသည်။

 

ထို့နောက် လက်ထောက်ကြီးကြပ်ရေးမှူး၊ ဒေါ်အိအိအောင်က ကာကွယ်ဆေးထိုးနှံပြီးသော ခွေးများအား ဆေးထိုးနှံပြီးကြောင်း အမှတ်အသားနှင့် ခွေးရူးပြန် ရောဂါကာကွယ်ဆေး ထိုးပြီးကြောင်း ထောက်ခံစာများ ပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းသည် ခမောက်ကြီးမြို့တွင် ပထမအကြိမ် ဆောင်ရွက်ခြင်းဖြစ်ပြီး ကာကွယ်ဆေး(၁၅၀)တွင် ခွေးများအပြင် ကြောင်များပါ ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် စာသင်ကျောင်းများနှင့် ဘုန်ကြီးကျောင်းများသို့ပါ သွားရောက် ထိုးနှံပေးကြောင်း သတင်းရရှိသည်။

 

 (ခမောက်ကြီး ပြန်/ဆက်)