နေပြည်တော် ၂၉ ဇန်နဝါရီ 

 

မူးယစ်တပ်ဖွဲ့စု(၁၈) မန္တလေး(တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၈ ရက် ညနေ ၅ နာရီက ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ် (၁)ရပ်ကွက်၊ ပိတောက်နှင့် ချယ်ရီလမ်းကြား၊ ၆၂ လမ်းပေါ်ရှိ စားသောက်ဆိုင်ရှေ့တွင် တွေ့ရှိသူ ဇင်ကိုကိုဦး (ခ) ဇင်ကိုအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ် (၃)ရပ်ကွက်၊ ၆၂x၆၄ လမ်းကြား၊ ဇလပ်ဝါလမ်း၊ အိမ်အမှတ် (င-၂/၁၈၅)ရှိ ၎င်း၏နေအိမ်အား သွားရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၃၀  ကိုလည်းကောင်း၊ အလားတူ ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၁၂ နာရီက မူးယစ်တပ်ဖွဲ့စု (၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအလွန် ညောင်ပင်အနီး၊ လားရှိုး-မူဆယ်သွား ပြည်ထောင်စုကားလမ်းပေါ်တွင် ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ခရီးသည် ရန်ရှီရီ၊ လိုကျိုး ဘိန်းစိမ်း ၁၁ ဒသမ ၄ ကီလို သိမ်းဆည်းရမိသည်။ 

 

အလားတူ မွန်းလွဲ ၂ နာရီက နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေးသွား ပြည်ထောင်စုကားလမ်းပေါ်တွင် စန်တိုစ် (ခ) စိုးစိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၀ဝ  ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၇ ရက် ညနေ ၉ နာရီခွဲက မဘိမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ မဘိမ်း-ငါးအိုးသွား ကားလမ်းတွင် စံခေါင်မောင်းနှင်ပြီး စိုင်းအောင် (ခ) အောင်ခမ်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းတို့မှာ စိတ်ကြွရူးသွပ်ဆေးပြားများအား မဘိမ်း-ငါးအိုး သွားကားလမ်း၊ မိုင်တိုင်အမှတ်(၅၅)၊ ဒေသအခေါ် သုံးမျက်နှာဘုတ်တိုင်အနီးရှိ ဝါးရုံတောအတွင်းတွင် ဝှက်ထားကြောင်း သိရှိရ၍ သွားရောက်ရှာဖွေရာ  ဝါးရွက်များဖြင့်ဖုံးထားသည့်  စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀ဝ၀ သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

 

MDN