နေပြည်တော် နိုဝင်ဘာ ၄

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၃ ရက် နံနက်  ၁၀ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ် (၃) ရပ်ကွက်၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ စားသောက်ဆိုင်ရှေ့တွင် စိုင်းထွေး၊ မနန်းငင်းဆိ နှင့် သက်မင်းစိုး (ခ) ရွှေသီး တို့အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၉၇ ကီလို သိမ်းဆည်းရမိခဲ့သည်။

နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေးမြို့နယ်၊ ခေါဇာမြို့၊ အမှတ် (၁) ရပ်ကွက်တွင် တွေ့ရှိသူ ဝင်းအောင်ကျော် နှင့် ကိုဦးတို့အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၉၄ ပြား ကိုလည်းကောင်း။

ထို့အတူ နိုဝင်ဘာ ၃ ရက် ညနေ ၄ နာရီတွင် ကျိုင်းတုံမြို့နယ်၊ မိုင်းလန်းကျေးရွာအုပ်စု၊ ဝမ်ကန်ကျေးရွာ အနီးတွင် အိုက်ရီ (ခ) အိုက်ပင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀  ကိုလည်းကောင်း။

ယင်းနေ့ ည ၇ နာရီ ၃၅ မိနစ်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်တွင် မြင့်ကျော် (ခ) အသေးလေးကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား