ချမ်းမြသာစည်မြို့နယ် မြနန္ဒာဈေးအတွင်း ပိုးသတ်ဆေးများဖျန်းပေး

မန္တလေး ၁ ဧပြီ  


ချမ်းမြသာစည်မြို့နယ် မြနန္ဒာဈေးအတွင်း မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ပိုးသတ်ဆေးများ ဖျန်းခြင်းလုပ်ငန်းကို မတ် (၃၁)ရက် ညနေ ၅နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်သည်။ 

 “ကျွန်တော်တို့က နေ့တိုင်းလုပ်နေကြတာပါ၊ ဈေးတွေအားလုံးကို ဖျန်းသွားမှာပါ၊ အဖွဲ့ တွေ ခွဲပြီး ဆေးဖျန်းခြင်းတွေလုပ်နေပါတယ်၊ ရဲအချုပ်ခန်း၊ တရားရုံးအချုပ်ခန်း၊ ဆေးရုံများ၊ ကန်တော်နဒီဆေးရုံရဲ့အပြင်ပိုင်း၊ ဒေသန္တရ ကျန်းမာရေးဆေးခန်းများကိုလည်း ဖျန်းထား ပြီးတော့ ဘကကျောင်းတွေနဲ့ လိုအပ်တဲ့နေရာတွေကို ဆေးဖျန်းခြင်းများ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ကျန်းမာရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါတယ်”ဟု  ချမ်းမြသာစည်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးက ပြောသည်။ 

 

a

 

ကာကွယ်ရေးလုပ်ငန်းများကိုလည်း ကျန်းမာရေးအဖွဲ့နှင့်အတူ ဈေးအတွင်း ဈေးရောင်း ဈေးဝယ်များကို ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ဈေးဝင်ပေါက်များတွင် လက်ဆေးကန်၊ လက်ဆေး ဆပ်ပြာများ ထားရှိပေးထားခြင်း ၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ခြင်းများကို ဆောင်ရွက်ပေးထားပြီး မီးသတ်ဦးစီးဌာန၏ ဆေးဖြန်းခြင်း လုပ်ငန်းများကိုလည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးကို ပုံမှန်ဖွင့်လှစ်ထားသော်လည်း စားသောက်ကုန် ပစ္စည်းရောင်းချ သည့် ဆိုင်များကိုသာ ဖွင့်လှစ်ခွင့် ပေးထားပြီး လူသုံးကုန်ပစ္စည်းဆိုင်များကို ခေတ္တယာယီ ပိတ်ထားကြောင်း ဈေးနှင့် သားသတ်ဌာနမှ ဦးအောင်သန်းဦးက ပြောသည်။

 

a

 

အဆိုပါဆေးဖြန်းခြင်းလုပ်ငန်းတွင်း မီးသတ်တပ်ဖွဲ့ဝန်များ ဈေးကော်မတီများနှင့် ရပ်ကွက်တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အလားတူ မြို့နယ်အတွင်းရှိ အခြားသော ဈေးများကိုလည်း ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ 

ဝေဖြိုးအောင်