နေပြည်တော် စက်တင်ဘာ ၃၀
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄)ရပ်ကွက်၊ ၁၁၂ လမ်းနှင့် ၆၂(B)လမ်းထောင့်တွင် စိုးမြတ်ဘုန်း၊ ခင်ဇော်၊ ရဲကျော်သူ(ခ)ကိုရဲနှင့် မစိုးမြတ်မွန်(ခ)မိငယ်တို့ ၃ ဦးအား မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုကိုလည်းကောင်း။
စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီး တက္ကသိုလ်လမ်းမတွင် ခွန်ဝင်းရွှေ(ခ)ချစ်ဆွေ မောင်းနှင်ပြီး မမိုးမိုးအေး(ခ)မိုးခမ်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၉,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)