၄ ဧပြီ
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၏ မြောက်ဘက် ၂ မိုင် ၄ ဖာလုံ၊ မ္တလေးမြို့၏ အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာ ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)တို့ဆုံရာတွင် တည်ရှိသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များတည်ရှိရာ အင်းဝမြို့ဟောင်းဒေသသည် ပြည်တွင်းပြည်ပခရီးသွားများအား အထူးဆွဲဆောင်လျက်ရှိပြီး လာရောက်လည်ပတ်မှု များပြားလျက်ရှိသည်။
မြန်မာတို့၏ ရှေးယခင်ကတည်းက ကိုယ့်ထီးကိုယ့်နန်းဖြင့် နေထိုင်ခဲ့ပုံကို ဖော်ညွှန်းသည့် အဆောက်အအုံများ၏ ခမ်းနားမှုများ၊ ရှေးယခင်ကတည်းက မြန်မာ့စာပေ မြင့်မားပုံကိုပြသသည့် ထင်ရှားကျော်ကြား များပြားလှသော စာဆိုတော်များ၊ မြန်မာ့လက်မှုပညာများဖြင့် ခမ်းနားလှသော ကျောင်းတော်များ၊ ကျောင်းတိုက်များဖြင့် လေ့လာစရာ၊ စိတ်ဝင်စားစရာများသည့် ၊ ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားစေသည့် အင်းဝမြို့။ ဖူးမြော်စရာ ဘုရားစေတီပုထိုးများ များပြားသကဲ့သို့ အင်းဝခေတ် ပန်းတော့လက်ရာ၊ ပန်းပုလက်ရာများကိုလည်း မြင်တွေ့လေ့လာနိုင်သည့် မြို့ ဖြစ်ပါသည်။
အင်းဝမြို့တွင် အင်းဝခေတ် သမိုင်းဆိုင်ရာ ယဉ်ကျေးမှုအနုပညာများကို လေ့လာနိုင်ပြီး ပင်းယခေတ်နှင့် ညောင်ရမ်းခေတ် သမိုင်းယဉ်ကျေးမှု အနုပညာများကိုလည်း တွေ့မြင်နိုင်ပါသည်။ သမိုင်းဝင် ခေတ်တစ်ခေတ်၏ လေ့လာစရာ ခရီးသွား နိုင်ငံခြားသားများ၏ စိတ်ဝင်စားမှုများစွာရှိသည့် မြို့များထဲတွင် “အင်းဝမြို့”ပါသည်ဟုဆိုလျှင် လွဲမည်မထင်ပါ။ ယနေ့ခေတ် အင်းဝမြို့တွင် ထင်ရှားလှသောနေရာများအနက် နန်းမြင့်မျှော်စင်မှာ အချို့နေရာများ၌ ချို့ယွင်းမှုများ ဖြစ်ပေါ်၍ ထိန်းသိမ်းရန် လိုအပ်နေသည်ကို တွေ့ မြင်ခဲ့ရသည်။
အင်းဝမြို့ကို သက္ကရာဇ် ၇၂၆ ခုနှစ်တွင် သတိုးမင်းဖျား စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၄၀ဝ ကြာ နန်းစိုက်ခဲ့သော မြို့ဟောင်းတစ်ခုဖြစ်သည်။ စာပေ အထောက်အထားများအရ ခေတ်ကာလ လေးခုပိုင်းခြားထားပြီး မင်းဆက် ၃၁ ဆက် ထီးနန်းစိုးစံခဲ့ကြသည်။ ခေတ်အဆက်ဆက် ရှစ်ကြိမ် နန်းတည်ခဲ့ပြီး ရှေးဟောင်းသာသနိက အဆောက်အအုံများ၊ နန်းတော်ဆောင်၊ မြို့ရိုးနှင့် ပြာသာဒ်တို့၏ ဗိသုကာ တည်ဆောက်ပုံနှင့် အမွမ်းပန်းလက်ရာများသည် ခေတ်အလိုက်ထူးခြား ပြောင်းလဲမှုရှိသည်ကို တွေ့ရသည်။ အင်းဝမြို့ဟောင်းတွင် နံရံဆေးရေးပန်းချီများ ရှိသော ဘုရားငါးဆူ၊ ရှေးဟောင်းကျောက်စာရှိသော ဘုရားခုနစ်ဆူနှင့် ကြေးခေါင်းလောင်းစာရှိသော ဘုရားသုံးဆူ၊ ရှေးဟောင်း အဆောက်အအုံ စုစုပေါင်း ၆၂၄ ခု ရှိကြောင်း မှတ်တမ်းများအရ သိရပြီး ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။ ။
သန်းဇော်မင်း (ပြန်/ဆက်)၊ ဘိုုဘို(မလှိုင်)