ဟနွိုင်း၊ မေ ၂၀
ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်းသည် ၎င်းကွယ်လွန်ပါက ၎င်း၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို နိုင်ငံသားများအတွက် အစားထိုးကုသနိုင်ရန် လှူဒါန်းခဲ့ကြောင်း ဗွီအင်န်အိတ်ပရပ်စ်သတင်းအရ သိရသည်။
ခန္ဓာကိုယ်အစိတ်အပိုင်းများအား လှူဒါန်းခြင်းသည် လူသားများ၏ အသက်ကိုကယ်တင်နိုင်ရန် လူသားတစ်ဦးမှ အခြားသူများသို့ ပေးအပ်သည့် တန်ဖိုးအရှိဆုံး လက်ဆောင်ဖြစ်ကာ အခြားနိုင်ငံသားများအားလည်း မိမိကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းများ လှူဒါန်းရန် တိုက်တွန်းကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။ ဗီယက်နမ်နိုင်ငံတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများ အစားထိုးကုသမှုခံယူခြင်းသည် အသက်ရှင်သန်ရန် အခွင့်အရေး များပြားပြီး ကုန်ကျစရိတ်သက်သာကြောင်း ယင်းက ပြောကြားသည်။
နိုင်ငံအတွင်း ၁၉၉၂ ခုနှစ်တွင် ပထမဆုံး ကျောက်ကပ်အစားထိုးကုသမှုကို ဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုပေါင်း ၈၆၀၀ ကျော် ရှိခဲ့သည်။ လက်ရှိတွင် ၎င်းတို့၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို လှူဒါန်းရန် စာရင်းပေးထားသူ ၈၆၀၀၀ ကျော်ရှိကြောင်း ကျန်းမာရေး အရာရှိများက ပြောကြားသည်။
ဗီယက်နမ်တွင် ကိုယ်တွင်းအင်္ဂါ အစားထိုးကုသရေးတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ရှားပါးနေဆဲဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် လက်ရှိတွင်အဆိုပါနည်းပညာကို လုပ်ဆောင်ရန် ဆေးရုံ ၂၆ ခုကို လိုင်စင် ထုတ်ပေးထားသည်။
ကိုးကား - ဗွီအင်န် အိတ်ပရတ်စ်၊
ဘာသာပြန် - စိုးသူရ