၂၃ ဇူလိုင်
မကြာသေးခင်အချိန်ကမှ လပေါ်သွားမယ့် မစ်ရှင်တစ်ခုအဖြစ် အာကာသယာဉ်တစ်စင်းကို လွှတ်တင်ဖို့ လုပ်ဆောင်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ နည်းပညာဆိုင်ရာ ချွတ်ယွင်းမှုတစ်ခုကြောင့် အာကာသယာဉ်လွှတ်တင်မှုကို ရပ်ဆိုင်းလိုက်ပြီးနောက် တစ်ပတ်အကြာမှာပဲ အဲဒီမစ်ရှင်ကို ဒုတိယအကြိမ် ပြန်ကြိုးစားခဲ့ရာမှာ အာကာသယာဉ်ကို အောင်မြင်စွာလွှတ်တင်လိုက်နိုင်ပြီဖြစ်ပါတယ်။
ပိုမိုသန်မာ
ချန်ဒရာယန် ၂ အာကာသယာဉ်ကိုဇူလိုင် ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၄၃ မိနစ်မှာ ဆရီဟာရီကိုတာ အာကာသစခန်းကနေ လွှတ်တင်လိုက်ကြောင်း အိန္ဒိယအာကာသအေဂျင်စီက ဆိုထားပါတယ်။ အာကာသယာဉ်ဟာ ဘီလီယံနဲ့ချီတဲ့ စိတ်ကူးအိပ်မက်တွေကို လကမ္ဘာဆီကို ယူဆောင်သွားဖို့ အသင့်ဖြစ်နေခဲ့ပြီဖြစ်ပြီး ယခင်အချိန်ကထက်တောင် ပိုပြီးသန်မာနေပြီလို့ အဲဒီအေဂျင်စီက ပြောပါတယ်။ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၅၀ (ယူရိုဒေါ်လာသန်းပေါင်း ၁၂၀ ) တန်ဖိုးရှိတဲ့ အဲဒီမစ်ရှင်ကတော့ လရဲ့ တောင်ဘက်ဝင်ရိုးပေါ်မှာ ခြေချမယ့်မစ်ရှင်ပါပဲ။
မစ်ရှင်ရပ်တန့်
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က အာကာသယာဉ်လွှတ်တင်မယ့်မစ်ရှင်မှာ လွှတ်တင်ဖို့ ၅၆ မိနစ်အလိုမှာ ရပ်တန့်သွားခဲ့ပါတယ်။ အကြောင်းကတော့ လွှတ်တင်မယ့် အာကာသယာဉ်ရဲ့ စနစ်အတွင်းမှာ နည်းပညာဆိုင်ရာ ချွတ်ယွင်းမှုတစ်ခုကို တွေ့ရှိခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အိန္ဒိယမီဒီယာတွေမှာ ဖော်ပြကြတာကတော့ ဒုံးပျံရဲ့ အင်ဂျင်ထဲမှာရှိတဲ့ ဟီလီယံဓာတ်ငွေ့ သိုလှောင်ခန်းတစ်ခုကနေ ယိုစိမ့်မှု ဖြစ်ပွားခဲ့တာကြောင့် အာကာသယာဉ် လွှတ်တင်မယ့် မစ်ရှင်ပျက်ရတယ်လို့ ဆိုပါတယ်။ မစ်ရှင်နှောင့်နှေးကြန့်ကြာမှု ဖြစ်ခဲ့ပေမယ့် အကူအညီပေးခဲ့ကြ သူတွေအားလုံးကို အိန္ဒိယအာကာသအေဂျင်စီက ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။
ဘယ်လိုမစ်ရှင်မျိုးလဲ
အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးလကမ္ဘာဆီသွားတဲ့ မစ်ရှင်ကို ၂၀ဝ၈ ခုနှစ်မှာ တစ်ကြိမ်လုပ်ဆောင်ခဲ့ပြီး အဲဒီမစ်ရှင်မှာ ချန်ဒရာယန် ၁ ဟာလမျက်နှာပြင်ပေါ် ခြေချခဲ့ခြင်းမရှိပေမယ့် ရေဒါကိုအသုံးပြုပြီး လပေါ်ကရေကို ရှာဖွေတဲ့လုပ်ငန်းစဉ်တစ်ခုကို ပထမဆုံးနဲ့ အသေးစိတ်အကျဆုံး ဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယအကြိမ်မစ်ရှင်မှာ ချန်ဒရာယန် ၂ အာကာသယာဉ်ဟာ လရဲ့တောင်ဘက်ဝင်ရိုးအနီးမှာ ဆင်းသက်ရပ်နားဖို့ ကြိုးစားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒုတိယမစ်ရှင်မှာ အလေးပေးဆောင်ရွက်သွားမယ့် အရာတွေကတော့ လမျက်နှာပြင်ကို အဓိကထားပြီး ရေနဲ့ဓာတ်သတ္တုတွေ ရှာဖွေမှုနဲ့ လမျက်နှာပြင်ပေါ်မှာဖြစ်တဲ့ တုန်ခါမှုတွေကို တိုင်းတာစစ်ဆေးမှုတွေလုပ်ဆောင်မှာ ဖြစ်ပါတယ်။
ပမာဏ
အိန္ဒိယနိုင်ငံဟာ ယခုမစ်ရှင်အတွင်းမှာ ၎င်းရဲ့ အစွမ်းအထက်ဆုံးဒုံးပျံကို အသုံးပြုနေတာ ဖြစ်ပါတယ်။ အဲဒီဒုံးပျံဟာ တန်ချိန်အားဖြင့် ၆၄၀ ရှိသည်။ ဝန်အပြည့်တင်ဆောင်ထားတဲ့ ၇၄၇ ဂျမ်ဘိုဂျက်လေယာဉ်ရဲ့ အလေးချိန်ထက် တစ်ဆခွဲနီးပါးလောက်ရှိပြီး ယာဉ်ရဲ့အမြင့် ၄၄ မီတာ ရှိတာကြောင့် ၁၄ ထပ် အဆောက်အအုံရဲ့ အမြင့်လောက်ရှိပါတယ်။
ထင်ရှားတဲ့ အစိတ်အပိုင်းသုံးခု
အာကာသယာဉ်ဟာ အလေးချိန် ၂ ဒသမ ၃၇၉ ကီလိုဂရမ်ရှိပြီး ထင်ရှားတဲ့အစိတ်အပိုင်း သုံးပိုင်းရှိပါတယ်။ ဂြိုဟ်ပတ်လမ်းကြောင်းအတိုင်းပတ်တဲ့ အပိုင်းဟာ လမျက်နှာပြင်ပေါ်က ပုံရိပ်တွေကို ရယူပြီး အလွန်သေးမျှင်တဲ့ ခိုင်မာမှုမရှိတဲ့ လေထုကို ရှာဖွေဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဗစ်ကရမ်လို့ အမည်ပေးထားတဲ့ ဆင်းသက်ရပ်နားမှု အပိုင်းဟာဆိုရင် ယာဉ်ရဲ့ထက်ဝက်စာ အလေးချိန်ပမာဏရှိပြီး သူ့ရဲ့ ဝမ်းပိုင်းမှာ ၂၇ ကီလိုဂရမ်ရှိတဲ့ လပေါ်သွားယာဉ်တစ်ခုနဲ့ ဆက်စပ်ကိရိယာတွေကို သယ်ဆောင်လာပါတယ်။ သူကတော့ လရဲ့မြေပြင်ကို ခွဲခြမ်းစိတ်ဖြာလေ့လာဖို့ပါ။ ၁၄ ရက် ကြာမြင့်မယ့် အချိန်အတွင်းမှာ လပေါ်သွားယာဉ်ကနေ ကီလိုမီတာတစ်ဝက်လောက် အထိသွားပြီး အချက်အလက်တွေနဲ့ ပုံရိပ်တွေကို လေ့လာစိစစ်မှုတွေအတွက် ကမ္ဘာမြေဆီပြန်ပို့ပေးမှာ ဖြစ်ပါတယ်။ လပေါ်သွားယာဉ်က သူ့အလုပ်သူ လုပ်ပြီးသွားပြီဆိုတာနဲ့ လရဲ့မျက်နှာပြင်ပေါ်မှာ ပထမဆုံးအကြိမ် ဆယ်ဖီပုံရိုက်ဖို့ အိန္ဒိယနိုင်ငံက မျှော်လင့်လို့ရပြီ အိန္ဒိယအာကာသအေဂျင်စီအကြီးအကဲ ဒေါက်တာ ကေစီဗန်က ပထမအကြိမ် အာကာသယာဉ်လွှတ်တင်မှု မပြုလုပ်ခင်က ပြောခဲ့ပါတယ်။
ဘယ်လောက်ကြာမယ့်ခရီးလဲ
အာကာသယာဉ်လွှတ်တင်မှုဟာ ကီလိုမီတာပေါင်း ၃၈၄၀ဝ၀ ကွာဝေးတဲ့ ခရီးစဉ်ကိုစတင်လိုက်တာပါပဲ။ အာကာသအေဂျင်စီ အနေနဲ့ကတော့ လဆင်းယာဉ်ဟာ စက်တင်ဘာ ၆ ရက် သို့မဟုတ် ၇ ရက် လောက်မှာ လကမ္ဘာကို ထိတွေ့နိုင်လိမ့်မယ်လို့ မျှော်မှန်းလျက်ရှိပါတယ်။၎င်းတို့ဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲအားကို အခွင့်ကောင်းယူနိုင်မယ့် လမ်းကြောင်းအနေနဲ့ အဖြောင့်မဟုတ်ဘဲ ကွေ့ပတ်သွားတဲ့ လမ်းကြောင်းကို ရွေးချယ်လိုက်ပါတယ်။ ကမ္ဘာ့ဆွဲအားက အာကာသယာဉ်ကို လကမ္ဘာပေါ် တွန်းထုတ်ပင့်တင်ပေးနိုင်အောင် ကူညီပေးမှာမို့လို့ပါပဲ။ အိန္ဒိယနိုင်ငံရဲ့ ဒုံးပျံဟာ ချန်ဒရာယန် ၂ ကို တိုက်ရိုက်လမ်းကြောင်းပေါ်အထိ ရောက်ရှိအောင် ခုန်ပျံဝင်ရောက်နိုင်ဖို့ လုံလောက်တဲ့ စွမ်းအားမရှိပါဘူး။
ပျက်ကျမှုဖြစ်နိုင်
သိပ္ပံပညာရှင်တွေအတွက် လဆင်းယာဉ်ကို လွှတ်လိုက်တဲ့အချိန်မှာ အချိန် ၁၅ မိနစ်ရရှိမှာဖြစ်ပြီး လရဲ့ တောင်ဘက်ဝင်ရိုးဆီကို ရောက်ရှိသွားမှာဖြစ်တယ်လို့ ဒေါက်တာစီဗန်က ရှင်းပြခဲ့ပါတယ်။ အာကာသယာဉ်ကို ထိန်းချုပ်နေတဲ့သူတွေဟာ အဲဒီကိစ္စ နောက်ပိုင်းမှာအရေးကြီးတဲ့ အချိန်ခဏလေးအတွင်း သူတို့ပါဝင် ဆောင်ရွက်နိုင်တဲ့ အပိုင်းရှိတော့မှာ မဟုတ်ဘူး။
အမှန်တကယ် ဆင်းသက်ရပ်နားတာဟာ လုပ်သင့်တဲ့ အလုပ်တွေကို ဆောင်ရွက်နေတဲ့ စနစ်တွေ အားလုံးအပေါ် မူတည်သွားပြီဖြစ်တဲ့ ကိုယ်ပိုင်လုပ်ဆောင်ခွင့်ရှိသော လည်ပတ်မှုတစ်ခု ဖြစ်သွားပြီ။ ဒါမှမဟုတ် လဆင်းယာဉ်ဟာ လရဲ့မျက်နှာပြင်ပေါ်မှာလည်း ပျက်ကျချင် ပျက်ကျသွားနိုင်တယ်လို့ ၎င်းက ပြောပါတယ်။ ယခုနှစ် အစောပိုင်းမှာတုန်းက အစ္စရေးရဲ့ ပထမဆုံးလပေါ်သွားတဲ့ မစ်ရှင်တစ်ခုမှာ လပေါ်ထိ တွေ့ဆင်းသက်ဖို့ ကြိုးပမ်းနေစဉ်အတွင်းမှာပဲ ပျက်ကျမှု ဖြစ်ခဲ့ပါတယ်။
ဘယ်သူတွေပါဝင်သလဲ
အိန္ဒိယနိုင်ငံရဲ့ ယခုမစ်ရှင်မှာ အင်ဂျင်နီယာတွေနဲ့ သိပ္ပံပညာရှင်တွေ အယောက်တစ်ထောင်နီးပါးလောက် အလုပ်လုပ်ခဲ့ကြပါတယ်။ သို့သော်လည်းပဲ ပထမဆုံးအကြိမ် ဂြိုဟ်တုအချင်းချင်း သိပ္ပံပညာရပ်နဲ့ဆိုင်တဲ့ အချက်အလက်တွေရှာဖွေတဲ့ ခရီးကိုဦးဆောင် ဖို့အတွက် အိန္ဒိယအာကာသအေဂျင်စီက အမျိုးသမီးတွေကို ရွေးချယ်ခဲ့ပါတယ်။
ဒီတော့ အိန္ဒိယရဲ့ လကမ္ဘာဆီသွားမယ့်ခရီးစဉ်ကို အမျိုးသမီးနှစ်ဦးက ဦးဆောင်နေပါတယ်။ ပရိုဂရမ်ဒါရိုက်တာ မူသယာဗနီသာ ဟာချန်ဒရာယန် ၂ ကို နှစ်တွေအတော်ကြာအောင် ပြုစုပျိုးထောင်လာခဲ့သူ တစ်ဦးအဖြစ် မြင်တွေ့ရပြီး ရီသူကာရီဒယ်က လမ်းကြောင်းအတိုင်း မောင်းနှင်မှုပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
ကလျာမိုးမြင့်
ကိုးကား- ဘီဘီစီ၊ အေအက်ဖ်ပီ