ရန်ကုန်၊ ၁၀ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ်တွင် ခနောင်ခုနှစ်ရွာနှင့် ဓနုတ်ကားလမ်းမဆက် မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြေသားလမ်းသည် ခနောင်ကျေးရွာမှဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဒလ(နာရီစင်)-ဓနုတ်ကားလမ်းမကြီးအား ရခိုင်ချောင်ကျေးရွာအနီးတွင် ဆုံတွေ့မည်ဖြစ်သည်။ မြေသားလမ်းအရှည်မှာ ပေပေါင်း(၁၅၀ဝ၀)ကျော်၊အကျယ် ပေ(၂၀)ရှိပြီးကျောက်ချောလမ်းအဖြစ် ပေ(၆၈၁၈)အား ခင်းကျင်းပြီးစီးနေပြီဖြစ်ပြီး ပေ(၅၀ဝ၀)အားကျောက်ကြမ်းစီ ပြီးစီးနေပြီဟု သိရသည်။
ကျောက်ချောလမ်းအဖြစ် ပြီးစီးပါက အံ့ကြီးအရှေ့ရပ်ကွက်၊ အံ့ကြီးအနောက်ရပ်ကွက်၊ သမတကမ်းခြေရပ်ကွက်နှင့် စံပြတံတားချောင်းကျေးရွာနေ ပြည်သူများအနေဖြင့် ရခိုင်ချောင်ကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လွယ်လင့်တကူ သွားလာနိုင်တော့မည်ဖြစ်ပြီး ရှေးဟောင်းသမိုင်းဝင် ကျိုက်ဓနုတ်စေတီတော်မြတ်ကြီးကိုလည်း သွားလာမူလွယ်ကူစွာဖြင့် ဖူးမြော်နိုင်မည်လည်း ဖြစ်သည်။
"ကျွန်တော်တို့ ဟိုအရင်ကဆို ဓနုတ်ဘုရား ဓနုတ်ရွာ ရခိုင်ချောင်ရွာဘက်ကို သွားမယ်ဆိုရင် ကျွန်တော်တို့ရွာကနေ ဒလ၊ဒလ နာရီစင်ကနေ ကားလမ်းမအတိုင်း သွားရတာ၊ ခရီးကြန့်ကြာတဲ့အပြင် ယာဉ်အန္တရာယ်လည်း စိုးရိမ်ရတယ်၊ ခု လမ်းသာပြီးသွားရင် ကိုယ့်ရွာကနေ အချိန်တိုအတွင်း သွားလာနိုင်မယ်၊ယာဉ်အန္တရာယ်လည်း ကင်းတယ်"ဟု ခနောင်ရွာမကျေးရွာနေ ဦးတင်နွယ်က ပြောသည်။
အဆိုပါကျေးရွာချင်းဆက်လမ်းသည် ခနောင်အထက်ကျေးရွာ၊ ခနောင်ရွာမကျေးရွာ၊ ခနောင်တောတဲကန်ကျေးရွာ၊ ခနောင်မီးခြစ်စက်ကျေးရွာ၊ ခနောင်ဓနိတောကျေးရွာ၊ ခနောင်ရှမ်းစု၊ ခနောင်ချောင်းဝကျေးရွာနေပြည်သူများအနေဖြင့် ရခိုင်ချောင်ကျေးရွာနှင့် အခြားသောကျေးရွာများသို့ အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ပြီး ကော့မှူးမြို့နယ်ရှိ ကျေးရွာများသို့ပါ အဆင်ပြေလွယ်ကူစွာသွားလာနိုင်တော့မည်လည်း ဖြစ်သည်။
"ဒီလမ်းက မြို့ရှောင်လမ်းတစ်ခုလည်းဖြစ်တယ်၊ ရန်ကုန်မြို့ကနေ ကျိုက်ဓနုတ်ဘုရားကို လာရောက်ဖူးမြော်လိုသူတွေအနေနဲ့ အရင်လို နာရီစင်ကနေ ဒလ-ဓနုတ်လမ်းအတိုင်း သွားစရာ မလိုတော့ပဲ "မင်္ဂလာပါ"စားသောက်ဆိုင်နားက ကနောင်လမ်းမကြီးအတိုင်း တောက်လျှောက်သွားလို့ရသွားပြီ၊ကားလမ်းပေါက်သွားတာနဲ့ ကားလမ်းဘေးက ရွာတွေလည်း အဆင်ပြေသွားမှာ"ဟု အံ့ကြီးအနောက်ရပ်ကွက်နေ ဦးမြင့်လှက ပြောသည်။
မောင်ယဉ်ဦး(ဒလ)


