လဟယ် ၁၂ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဘက်စုံ သုံးခန်းမဖွင့်ပွဲအခမ်းနားကို စက်တင်ဘာ ၁၁ ရက်က ကျင်းပသည်။
ရှေးဦးစွာ လဟယ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမျိုးညီညီက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)နှင့် ပတ်သက်၍ ဖြည့်စွက် ရှင်းလင်း ပြောကြားသည်။
အဆိုပါဘက်စုံသုံးခန်းမကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခွင့်ပြုရန်ပုံငွေ ကျပ်(၁၀)သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး၊ အလျား (၄၈×၂၄×၁၂)ပေ ပျဉ်ထောင်ပျဉ်ခင်း၊ သွပ်မိုးအဆောက်အဦ အမျိုးအစားဖြစ်ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကယ်၊ နာဂဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ကျော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
လဟယ်မြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာ (၁၅)ရွာ အကောင်အထည်ဖော်ဆောင်ရွက်ရာ ရေပေးဝေရေး၊ ပညာရေး စာသင်ဆောင်၊ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းနေအိမ်နှင့် ဘက်စုံသုံးခန်းမလုပ်ငန်းများ ဆောင်ရွက်ရာ လုပ်ငန်းအားလုံး (၁၀ဝ)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း မြို့နယ် ကျေးလက်ဦးစီးမှူးထံမှ သိရသည်။
(မြို့နယ်ပြန်/ဆက်)


